ကြူကုတ်-ဝမ်တိန်တံတား မြန်မာ-တရုတ် နှစ်နိုင်ငံနယ်စပ်ဂိတ်ပေါက် ပြန်လည်ဖွင့်လှစ်

ရှမ်းပြည်နယ် (မြောက်ပိုင်း) မူဆယ်ခရိုင် ပန်ဆိုင်း(ကြူကုတ်)မြို့မှ တရုတ်ပြည်သူ့သမ္မတနိုင်ငံသို့ ဆက်သွယ်ထားသည့် မြန်မာ-တရုတ်ကြူကုတ်-ဝမ်တိန် ချစ်ကြည်ရေးတံတား မတ် ၂၀ ရက် နံနက်ပိုင်းက ပြန်လည်ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။

အဆိုပါ ချစ်ကြည်ရေးတံတားကို ကိုဗစ်(၁၉) ရောဂါကြောင့် သုံးနှစ်ကျော်ခန့် ပိတ်ထားရာမှ ပြန်လည် ဖွင့်လှစ်ခဲ့ခြင်းဖြစ်ပြီး ပြန်လည်ဖွင့်လှစ်လိုက်သည့်အတွက် မြန်မာတရုတ် နှစ်နိုင်ငံရှိ ဒေသခံပြည်သူများ၊ အပြန်အလှန် ဝင်ထွက်သွားလာနိုင်ပြီး ရင်းနှီးချစ်ကြည်မှုနှင့် အလုပ်အကိုင် အခွင့်အလမ်းများ ပိုမိုရရှိလာကာ လူမှုစီးပွားဘ၀များလည်း ပိုမိုဖွံ့ဖြိုး တိုးတက်လာမည်ဖြစ်ကြောင်း သိရသည်။

ယင်းဖွင့်ပွဲသို့ မူဆယ်ခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဒုခရိုင်အုပ်ချုပ်ရေးမှူး ဦးကျော်သူ၊ မူဆယ်မြို့နယ် အုပ်ချုပ်ရေးမှူး ဦးဇော်လင်းနှင့် အဖွဲ့ဝင်များ၊ ပန်ဆိုင်း(ကြူကုတ်) မြို့အုပ်ချုပ်ရေးမှူး ဦးစိုင်းမြတ်အောင်နှင့် တာဝန်ရှိဌာနဆိုင်ရာများက မြန်မာနိုင်ငံဘက်ခြမ်းမှ တက်ရောက်ကြပြီး တရုတ်နိုင်ငံဘက်မှ တယ်ဟုန်ပြည်နယ်ခွဲ ကုန်သွယ်ရေးဒုတာဝန်ခံမစ္စတာကျောက်စေဖြင့်၊ဝမ်တိန်ဆိပ်ကမ်း အုပ်ချုပ်ရေးတာဝန်ခံမစ္စတာဟောင်ချိန်ရှေ့၊ ရွှေလီပြည်ပဆက်ဆံရေးတာဝန်ခံ မစ္စတာလီ၊ ဝမ်တိန်နယ်စပ်ကာကွယ် စုံစမ်းရေးဌာနနှင့် ဝမ်တိန်အကောက် ခွန်ဌာနမှ တာဝန်ရှိသူများနှင့် တွေ့ဆုံနှုတ်ဆက်ပြီး နှစ်နိုင်ငံ နယ်စပ်ဂိတ်ပေါက်အား တက်ရောက်ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။