NCA မထိုးရသေးသည့် အဖွဲ့များနှင့် လာမည့်ရက်ပိုင်းအတွင်း ညှိနှိုင်းမည်

ယခင်က NCA တွင် ပါဝင်ခြင်းမပြုရန် ငြင်းပယ် ခံထားရသည့် တအာင်း (TNLA)၊ ကိုးကန့် (MNDAA) နှင့် ရခိုင် (AA) တို့အပါအဝင် မြောက်ပိုင်း လက်နက်ကိုင်ခုနစ်ဖွဲ့စလုံး NCAထိုးနိုင်ရေး ညှိနှိုင်းမည်ဟု အစိုးရ ကိုယ်စားလှယ်  ဦးဇော်ဌေးက ပြောကြားသည်။ ဇူလိုင် ၁၅ ရက်က နေပြည်တော်၌ ပြုလုပ်သည့် ပြည်ထောင်စု ငြိမ်းချမ်းရေး ဆွေးနွေးမှု ပူးတွဲ ကော်မတီ (UPDJC) အစည်းအ ဝေးအပြီး ပြုလုပ်သည့် သတင်းစာ ရှင်းလင်းပွဲတွင် ၎င်းက ထိုသို့ ပြောကြားသည်။

ယခု ကျင်းပနေသည့် ၂၁ ရာစု ပင်လုံသို့ ‘ဝ’အဖွဲ့ (UWSA)၊ ကချင်အဖွဲ့ (KIA)၊ မိုင်းလားအ ဖွဲ့ (NDAA)၊ ရှမ်းအဖွဲ့ (SSPP)၊ TNLA၊ MNDAA၊ AA စသည့်မြောက်ပိုင်းလက်နက်ကိုင်ခုနစ်ဖွဲ့ နှင့် ကရင်နီအမျိုးသားတိုးတက် ရေးပါတီ (KNPP)၊ နာဂအမျိုး သားဆိုရှယ်လစ်ကောင်စီ (NSCN-K) တို့မှ ကိုယ်စားလှယ် များ တက်ရောက်ခဲ့သည်။ ယင်းအဖွဲ့များသည် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၊ တပ် မတော်ကာကွယ်ရေးဦးစီးချုပ်၊ ဒုတိယတပ်မတော်ကာကွယ်ရေး ဦးစီးချုပ်၊ ငြိမ်းချမ်းရေးကော်မရှင်တို့နှင့် သီးခြားစီအဖွဲ့ခွဲ၍ တွေ့ဆုံ ဆွေးနွေး ခဲ့သည်။

ထို့အပြင်တပ်မတော်အနေဖြင့် ယခင်က TNLA၊ MNDAA နှင့် AA အဖွဲ့များကို အသိအမှတ်မပြုခဲ့သော်လည်း ၂၁ ရာစုပင်လုံသို့ လာတက်သည့် ယင်းသုံးဖွဲ့ကိုယ်စားလှယ်များကို ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဒုတိယ ဗိုလ်ချုပ်မှူးကြီး စိုးဝင်းက ဇူလိုင်  ၁၁ ရက်တွင် လက်ခံတွေ့ဆုံခဲ့သည်။ ထိုသို့တွေ့ဆုံစဉ် NCA ဆိုင်ရာများ ဆွေးနွေးခဲ့ကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး က  သတင်းထုတ်ပြန်သည်။ ‘‘အရင်တုန်းက ကျွန်တော် တို့ မြောက်ပိုင်းသုံးဖွဲ့ NCA ထိုးဖို့ ကျွန်တော်တို့ မပြောခဲ့ဘူး။ အခု NCA ထိုးဖို့ ပြောလိုက်ပြီ။ ‘ဝ’ ကြေညာချက်မှာ ပါတယ်။ ဒီသုံးဖွဲ့ကို NCA ထိုးဖို့ တိုက်တွန်းပါ တယ်ဆိုတာ အဲဒါက ကျွန်တော်တို့ ဆွေးနွေးတဲ့အဆင့်ရောက် သွားပြီ။ NCA ထိုးဖို့ ဆက်ဆွေး နွေးမယ်ဆိုပြီးတော့ ပြောလိုက် ပြီ’’ ဟု ဦးဇော်ဌေးက ပြောသည်။

UWSA ၏ ၂၁ ရာစု ပင်လုံ ခရီးစဉ်တွင် ထုတ်ပြန်ခဲ့သည့် သဘော ထားစာတမ်း၌ MNDAA၊ TNLA နှင့် AA တို့ကို အသိအမှတ်ပြုရန် လိုအပ်ကြောင်း  ဖော်ပြထားသည်။

‘‘ကျွန်တော်တို့ရဲ့ ကြိုးပမ်းမှု၊ ကျွန်တော်တို့ရဲ့ ခင်မင်မှုကို အသုံးချပြီး နိုင်ငံရေးစားပွဲဝိုင်းမှာ ရောက်လာအောင် ကျွန်တော်တို့က လက်တွဲခေါ်တဲ့ သဘောမျိုးပါ။ ဘယ်အဖွဲ့ကိုမှ ကျွန်တော်တို့ က ချန်မထားစေချင်ပါဘူး။ ကျန် ခဲ့တဲ့ အဖြစ်မျိုးမရှိစေချင်ဘူး’’ဟု UWSA ကိုယ်စားလှယ်အဖွဲ့တွင် ပါဝင်သည့် ဦးညီရန်းက ပြောသည်။ ငြိမ်းချမ်းရေးလုပ်ငန်းစဉ် တွင် လက်နက်ကိုင်အဖွဲ့များ ကျန်ရှိနေပါက ငြိမ်းချမ်းမှုအတွက် အန္တရာယ်များသည်ဟု UWSA လားရှိုးဆက်ဆံရေးရုံး၏ ဒုတိယ တာဝန်ခံလည်းဖြစ်သူ ၎င်းက ဆိုသည်။

အစိုးရကိုယ်စားလှယ်အဖွဲ့၊ ငြိမ်းချမ်းရေးကော်မရှင် တာဝန်ရှိသူများသည် ၂၁ ရာစု ပင်လုံတက်ရောက်သည့် KNPP နှင့် NSCN- K ကိုယ်စားလှယ်များနှင့် တွေ့ဆုံပြီး NCA လက်မှတ်ထိုးရေး တိုက် တွန်းဆွေးနွေးခဲ့သည်။ ‘‘အခု ကျွန်တော်တို့ ပြောနိုင်တာကတော့ အစိုးရအနေနဲ့ ဒီညီလာခံပြီးတာနဲ့ လက်မှတ်မထိုးတဲ့ အဖွဲ့တွေနဲ့ ဆွေးနွေးမှုအစီအစဉ် တွေကို ရက်ပိုင်းအတွင်းမှာပဲ ကျွန်တော်တို့က လုပ်မှာပါ’’ဟု ဦးဇော်ဌေးက ပြောသည်။

NCA မထိုးရသေးသည့် အ ဖွဲ့များ ပါဝင်လက်မှတ်ထိုးပြီး နိုင်ငံရေးဆွေးနွေးပွဲလုပ်ငန်းစဉ်ကို ပိုမို ကောင်းမွန်အောင် ဆောင်ရွက်မည်ဟု ၎င်းကဆိုသည်။ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်အ တွက် NCA လမ်းကြောင်းမှလွဲ၍ အခြားလမ်း မရှိသေးဟု အပစ်ရပ် အဖွဲ့ ချင်းအမျိုးသားတပ်ဦး (CNF) ဒုဥက္ကဋ္ဌ ဒေါက်တာဆလိုင်း လျန်မှုန်းဆာခေါင်းက ပြော သည်။