နှစ်လကြာရပ်ထားသည့် ရှမ်းပြည်နယ်လွှတ်တော် ဇူလိုင်တွင် ပြန်လည်စတင်မည်

နှစ်လကြာရပ်နားထားသည့် ရှမ်းပြည်နယ် လွှတ်တော်အစည်းအဝေးများကို လာမည့်ဇူလိုင်တွင် ပြန်လည်စတင် ကျင်းပမည်ဖြစ်ကြောင်း ရှမ်းပြည်နယ် လွှတ်တော်ရုံးမှ သတင်းရရှိ သည်။

Shan Hluttaw

ပြီးခဲ့သည့် ဧပြီ ၅ ရက်က ကျင်းပပြီးစီးခဲ့သော ဒုတိယအကြိမ် ရှမ်းပြည်နယ် လွှတ်တော် ပထမ ပုံမှန်အစည်းအဝေး၏ န၀မမြောက်နေ့တွင် ရှမ်းပြည်နယ်အစိုးရအဖွဲ့ ဖွဲ့စည်းပြီးနောက် လွှတ်တော် ကို နှစ်လကျော်ကြာ ရပ်နားထားခဲ့သည်။

‘‘လွှတ်တော် ပြန်စမယ်ဆိုတာ ဟုတ်ပါတယ်။ ကျွန်တော်တို့ ရှမ်းပြည်နယ် လွှတ်တော်ကိုယ်စား လှယ်တွေကို ဇူလိုင် ၁၀ ရက်နေ့ တောင်ကြီးရောက်အောင်လာဖို့ လွှတ်တော်ရုံးက အကြောင်း ကြားလာပါတယ်။ ဇူလိုင် ၁၂ ရက်လောက် လွှတ်တော်ပြန်စဖို့များတယ်’’ ဟု ရှမ်းအမျိုးသားများ ဒီမိုကရေစီအဖွဲ့ချုပ် ကိုယ်စားပြု ကျောက်မဲမြို့နယ် မဲဆန္ဒနယ်မှ ရှမ်းပြည်နယ် လွှတ်တော်ကိုယ်စား လှယ် ဦးစိုင်းထွန်းဉာဏ်က ပြောသည်။

ရှမ်းပြည်နယ် လွှတ်တော်ပြန်လည်စတင်ပါက ပြည်နယ်အတွင်း လတ်တလောဖြစ်ပွားလျက်ရှိ သည့် စစ်ပွဲနှင့်ပတ်သက်ပြီး အရေးကြီးအဆိုတစ်ရပ်ကို လွှတ်တော်သို့ တင်သွင်းမည်ဖြစ်ကြောင်း ဦးစိုင်းထွန်းဉာဏ်က ပြောသည်။

ရှမ်းပြည်နယ် လွှတ်တော်တွင် ပြည်ခိုင်ဖြိုးပါတီမှ (၃၂) ဦး၊ ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီ အဖွဲ့ချုပ်ပါတီမှ (၂၄) ဦး၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပါတီမှ (၂၁) ဦး၊ တအာင်း(ပလောင်) အမျိုးသားပါတီမှ ခုနစ်ဦး၊ ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်ပါတီမှ ခြောက်ဦး၊ ‘၀’ ဒီမိုကရက်တစ်ပါတီမှ တစ်ဦး၊ ‘၀’ အမျိုးသားစည်းလုံးညီညွတ်ရေးပါတီမှ တစ်ဦး၊ လားဟူအမျိုးသား ဖွံ့ဖြိုးတိုးတက်ရေး ပါတီမှ တစ်ဦး၊ ကိုးကန့်ဒီမိုကရေစီနှင့် ညီညွတ်ရေးပါတီမှတစ်ဦး၊ ရှမ်းတိုင်းရင်းသားများ ဒီမိုကရက် တစ်ပါတီမှတစ်ဦးနှင့် တပ်မတော်သားလွှတ်တော်ကိုယ်စားလှယ် (၃၄) ဦး တက်ရောက်နေခြင်း ဖြစ်သည်။

7 Day Daily


Leave a Reply