ကားတစ်စီး လက်လုပ်ကားမိုင်းနင်းမိပေါက်ကွဲ၍ ပြည်သူ ၃ ဦးသေဆုံး ၂ ဦးဒဏ်ရာရ

ပဲခူးတိုင်း၊ကျောက်ကြီးမြို့နယ်၊နတ်သံကွင်း- ကျောက်ကြီးသွားကားလမ်း၏ ညောင်ကွင်းတံတားရှောင်လမ်းပေါ်၌ မတ် ၂၀ ရက်နံနက်ကဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း နစက သတင်းထုတ်ပြန်ရေးအဖွဲ့မှ သိရသည်။

ယမန်နေ့နံနက် ၈ နာရီခွဲခန့်က ကျောက်ကြီးမြို့မှနတ်သံကွင်းဘက်သို့ ကျောက်ကြီးမြို့နေ ဦးကြင်ကောက် မောင်းကာ အမျိုးသား ၂ ဦးနှင့်အမျိုးသမီး ၂ ဦးလိုက်လာသည့် Light Truck ကားသည် ညောင်ကုန်းတံတား ရှောင်ကွင်းလမ်းအရောက်၌ KNLA အဖွဲ့ဝင်များထောင်ထားသည့် လက်လုပ်ကားမိုင်းအားနင်းမိခဲ့သည်။

နင်းမိသည့်အရှိန်ကြောင့် လက်လုပ်ကားမိုင်းပေါက်ကွဲကာ ကားပေါ်တွင်လိုက်ပါလာသည့် အမျိုးသား ၂ ဦးနှင့်အမျိုးသမီး ၁ ဦးတို့တွင် မိုင်းစထိမှန်ဒဏ်ရာများရရှိ၍ အခင်းဖြစ်နေရာ၌သေဆုံးခဲ့ကြောင်း သိရသည်။

ထို့ပြင် အမျိုးသား ၁ ဦးနှင့်အမျိုးသမီး ၁ ဦးတို့တွင်လည်း မိုင်းစထိမှန်ဒဏ်ရာများ(စိုးရိမ်ရ)ရရှိခဲ့သဖြင့် ကျောက်ကြီးမြို့ပြည်သူ့ဆေးရုံသို့ ပို့ ဆောင်ပေးခဲ့ကြကြောင်း သိရသည်။

“ဖြစ်စဥ်ကိုတော့သိတယ်။ လူနာ ၂ ယောက်ကိုလုံခြုံရေးအဖွဲ့တွေက ဆေးရုံပို့ပေးလိုက်တယ်။ စိုးရိမ်ရတယ် ဆိုတာလည်း သိထားပါတယ်။ အသင်းကိုလူနာကောက်ဖို့ဖုန်းဆက်ပြီး မခေါ်တဲ့အတွက်မသွားဖြစ်ခဲ့ပါဘူး။ အခုလိုဖြစ်စဥ်မျိုးကြတော့ လုံခြုံရေးအဖွဲ့ဝင်တွေကဆက်သွယ်မှသွားရတာ”ဟု ဒေသခံလူမှုကူညီရေးအသင်းဝင် တစ်ဦးကပြောသည်။

အခင်းဖြစ်နေရာနှင့်အနီးတစ်ဝိုက်အား လုံခြုံရေးအဖွဲ့ဝင်များက ရှင်းလင်းရေးလုပ်ငန်းများပြုလုပ်ခဲ့ကြပြီး ပြစ်မှုကျူးလွန်သူများအား ဖမ်းဆီးရမိရေးအတွက် စုံစမ်းစစ်ဆေးမှုများပြုလုပ်လျက်ရှိကြောင်း သိရသည်။