အမေရိကန်ထောက်လှမ်းရေးဒရုန်းပေါ်သို့ ရုရှားတိုက်လေယာဉ်က ဆီများသွန်ချကာ ပျက်ကျစေခဲ့

ပင်လယ်နက်ရှိ နိုင်ငံတကာလေပိုင်နက်အတွင်း အမေရိကန်လေတပ်၏ ထောက်လှမ်းရေးဒရုန်းတစ်စီးကို ရုရှားလေယာဉ်တိုက်လေယာဉ်တစ်စင်းက ဒရုန်းပေါ်သို့ လေယာဉ်ဆီများသွန်ချကာ ပျက်ကျစေခဲ့သည့် ဗီဒီယိုဖိုင်ကို ပင်တဂွန်စစ်ဌာနချုပ်မှ ထုတ်ပြန်လိုက်သည်။

ကြာသပတေးနေ့တွင် ထုတ်ပြန်ခဲ့သည့် အဆိုပါ ၄၂ စက္ကန့်ကြာ ဗီဒီယိုတွင် ရုရှား Su-27 တိုက်လေယာဉ်တစ်စီးသည် အမေရိကန်တို့၏ MQ-9 ထောက်လှမ်းရေးဒရုန်း၏ နောက်ဘက်သို့ ချဉ်းကပ်လာပြီး အပေါ်မှကျော်၍ ဖြတ်သန်းစဉ် လောင်စာဆီများ ဒရုန်းပေါ်သို့သွန်ချခြင်းကို မြင်တွေ့ရသည်ဟု ပင်တဂွန်စစ်ဌာနချုပ်မှ ပြောကြားခဲ့သည်။ ယင်းဗီဒီယိုကို အမေရိကန်ဒရုန်းတွင် တပ်ဆင်ထားသော ကင်မရာက ရိုက်ကူးခဲ့ခြင်းဖြစ်သည်။

ပျက်ကျသွားသော ဒရုန်းအား ခရိုင်းမီးယားမှ မိုင် ၇၀ အကွာရှိ ရေနက်ပိုင်းမှ ပြန်လည်ဆယ်ယူပေးရန် ကတိပြုထားသည့်အတွက် ရုရှားတပ်ဖွဲ့များသည် ပင်လယ်နက်ရှိ ကင်းထောက်ဒရုန်းပျက်ကျသည့်နေရာကို ဗုဒ္ဓဟူးနေ့က ရောက်ရှိခဲ့ကြောင်း အမေရိကန်တာဝန်ရှိသူများက CNN သို့ ပြောကြားခဲ့သည်။