သဘောတူညီချက်မယူဘဲ အီးယူမှ ဗြိတိန် နုတ်ထွက်ပါက နိုင်ငံတွင်းအလုပ်အကိုင် ဒုက္ခတွေ့နိုင်

သဘောတူညီချက်မယူဘဲ ဥရောပသမဂ္ဂ (အီးယူ) ကနေ ဗြိတိန်နုတ်ထွက်ရင် ဗြိတိန်နိုင်ငံတွင်း အလုပ်အကိုင်တွေ ဒုက္ခတွေ့နိုင်တယ်လို့ အဲဘတ်စ် (Airbus) ဥရောပ နိုင်ငံစုံကော်ပိုရေးရှင်းက သတိပေးလိုက်ပါတယ်။

အီးယူကနေ သဘောတူညီချက် မယူဘဲ ဗြိတိန် နုတ်ထွက်မယ်ဆိုရင် အဲဘတ်စ်ဟာ သူ့ရဲ့ ကာလကြာရှည် ရပ်တည်ချက်ကို ပြန်စဉ်းစားမယ်၊ ဗြိတိန်နိုင်ငံသားတွေရဲ့ အလုပ်အကိုင်တွေ ထောင်နဲ့ချီပြီး ဘေးသင့်နိုင်တယ်လို့ သတိပေးလိုက်တာပါ။

၂၀၂၀ ဒီဇင်ဘာလမှာ အဆုံးသတ်မယ့် အကူးအပြောင်း ကာလအတွက် လက်ရှိ စီမံကိန်းတွေဟာ အဲဘတ်စ်အတွက် တိုလွန်းတယ်၊ ဥရောပ လေယာဉ်တည်ဆောက်ရေး လုပ်ငန်း အဲဘတ်စ်ရဲ့ရုံးချုပ် တိုးချဲ့မယ့် စီမံကိန်းတွေကို အဟန့်အတား ဖြစ်စေလိမ့်မယ်လို့လည်း အဲဘတ်စ်က ပြောပါတယ်။

“တကယ်လို့ သဘောတူညီချက်မယူဘဲ နုတ်ထွက်ရင် ကျမတို့က အနာဂတ် ရင်းနှီးမြှုပ်နှံမှုကို သေသေချာချာ ပြန်စဉ်းစားမယ်။ ဗြိတိန်နိုင်ငံထဲမှာ အခြေချရေးကို ပြန်စဉ်းစားမယ်။ ကျမတို့က လုပ်ငန်းကို သွက်လက်တဲ့နည်းနဲ့ လည်ပတ်လုပ်ကိုင်နိုင်ဖို့ လိုအပ်လို့ သုတေသန နည်းပညာတွေကို မူပိုင်ခွင့်အပေါ် ငွေသုံးရေးနဲ့ တခြား ဆုံးဖြတ်ချက်ကြီးတွေအတွက် ပြန်စဉ်းစားမယ်” လို့ အဲဘတ်စ်ရဲ့ ဒုဥက္ကဋ္ဌ ကက်သရင်း ဘန်းနက်က ပြောပါတယ်။

တကယ်လို့ သဘောတူညီချက်တွေ မပါဘဲ နုတ်ထွက်ရင် ဗြိတိန်အတွက်ရော အဲဘတ်စ်အတွက်ရော ထောက်ပံ့မှုကွင်းဆက်အတွက်ပါ ကပ်ဆိုက်လိမ့်မယ်လို့လည်း သူက ဆက်ပြောပါတယ်။

အဲဘတ်စ်ဟာ သူ့ရဲ့ ခရီးသည်တင် လေယာဉ်တွေ အားလုံးအတွက် တောင်ပံတွေကို ဗြိတိန်နိုင်ငံထဲမှာ တည်ဆောက်တာ ဖြစ်ပါတယ်။

တကယ်လို့ ဗြိတိန်က ဥရောပသမဂ္ဂရဲ့ တခုတည်းသော ဈေးကွက်နဲ့ သမဂ္ဂတွေကနေ သဘောတူညီချက်မပါဘဲ ချက်ချင်း နုတ်ထွက်ရင် ကုန်ထုတ်လုပ်မှု အနှောင့်အယှက် ဖြစ်လိမ့်မယ်၊ ဗြိတိန်နိုင်ငံတွင်း အဲဘတ်စ်ရဲ့ လုပ်ငန်းထဲမှာ ဝန်ထမ်း အယောက်တသိန်းလောက် အလုပ်လုပ်နေပြီး ဝန်ထမ်းအယောက် တသောင်းလေးထောင် ကို အဲဘတ်စ်က တိုက်ရိုက် အလုပ်ခန့်ထားတယ်လို့လည်း ပြောပါတယ်။

အဲဘတ်စ်ဟာ သူ့လေယာဉ်တွေအတွက် ၈ နှစ်စာ စာရင်းရှိပြီးသား ဖြစ်နေလို့ ဗြိတိန်က သူ့လုပ်ငန်းတွေကို အလျင်စလို ရွှေ့ပြောင်းထုတ်နုတ်မယ့်ပုံ မပေါ်ဘူးလို့ လုပ်ငန်း အကဲခတ်တွေက ပြောပါတယ်။

ဒါပေမယ့် အဲဘတ်စ်ကတော့ သူနဲ့အတူထိုင်ပြီး ဒီအခွင့်အရေးကိုရဖို့ ဆွေးနွေးချင်တဲ့ တခြားနိုင်ငံတွေ ကမ္ဘာပေါ်မှာ တော်တော်များများရှိတယ်၊ ဥရောပမှာ ထုတ်လုပ်မှုစွမ်းအား အကောင်းဆုံး ဗြိတိန်လုပ်အားကို ကာကွယ်ချင်လို့ ဒီအရေးကို ဒီနေ့ ဆွေးနွေးဖို့လုပ်နေတာ ဖြစ်တယ်လို့ ဘန်းနက်က ပြောပါတယ်။

(DVB)