မြောက်ကိုရီးယားက တာတိုပစ် ပဲ့ထိန်းဒုံးကျည် ၂ စင်း ပစ်လွှတ်

မြောက်ကိုရီးယားဟာ တာတိုပစ် ပဲ့ထိန်းဒုံးကျည်နှစ်စင်းကို သူ့ရဲ့ အရှေ့ဘက်ကမ်းရိုးတန်းကနေ ပင်လယ်ထဲကို ပစ်လွှတ်ခဲ့ကြောင်း နိုင်ငံပိုင်မီဒီယာက မတ် ၁၅ ရက်မှာ ပြောပါတယ်။

တောင်ကိုရီးယားနဲ့ အမေရိကန်တပ်တွေဟာ ဒီနှစ်တွေအတွင်း သူတို့ရဲ့ အကြီးမားဆုံး ပူးတွဲစစ်ရေးလေ့ကျင့်မှု ပြုလုပ်ခဲ့တာကြောင့်လို့လည်း ဆိုပါတယ်။

မြောက်ကိုရီးယား အစိုးရပိုင် KRT ရုပ်မြင်သံကြားက နောက်ဆုံးပေါ် ဒုံးကျည်ပစ်လွှတ်မှု ဓာတ်ပုံ ၅ ပုံကို ထုတ်ပြန်ခဲ့တဲ့အပြင် မတ်လ ၁၄ ရက်က ဒုံးကျည်ပစ်လွှတ်မှုကလည်း တပ်ဖွဲ့ဝင်တွေကို သူတို့ရဲ့တာဝန်တွေကို အချိန်မရွေး ထမ်းဆောင်ဖို့ လေ့ကျင့်ခြင်းနဲ့ လိုအပ်လာရင် ရန်သူကိုချေမှုန်းဖို့ ဒီဇိုင်းထုတ်ထားတဲ့ စစ်ရေးလေ့ကျင့်မှုတခုဖြစ်ကြောင်း ထပ်လောင်းပြောပါတယ်။

ဒီနေ့ပစ်လွှတ်မှုဟာ “သရုပ်ပြလေ့ကျင့်မှု” ဖြစ်ပြီး တောင်ပိုင်း ဟွမ်ဟေးပြည်နယ်က အနောက်ဘက် ကမ်းရိုးတန်းအနီးမှာ မြေပြင်မှ မြေပြင် နည်းဗျူဟာမြောက် ပဲ့ထိန်းဒုံးကျည် ၂ စင်း ပစ်လွှတ်မှုကို မြင်တွေ့ခဲ့ရတာဖြစ်ကြောင်း နိုင်ငံပိုင်မီဒီယာက ပြောပါတယ်။

ဒုံးကျည်တွေဟာ အရှေ့ဘက်ကမ်းရိုးတန်းရှိ ကျွန်းငယ်လေးပေါ်က ပစ်မှတ်ကို မထိမိခင် နိုင်ငံကိုဖြတ်ကျော်ပြီး ၆၁၁ ကီလိုမီတာလောက် ပျံသန်းသွားကြောင်း နိုင်ငံပိုင်မီဒီယာက ပြောကြားခဲ့ပါတယ်။

တောင်ကိုရီးယားနဲ့ အမေရိကန် တပ်ဖွဲ့တွေဟာ ဒီနှစ်တွေအတွင်း အကြီးမားဆုံးဖြစ်တဲ့ “Freedom Shield 23” လို့ အမည်ပေးထားတဲ့ ၁၁ ရက်ကြာ ပူးတွဲစစ်ရေးလေ့ကျင့်မှုကို လုပ်ဆောင်လာတာကြောင့် မြောက်ကိုရီးယားကလည်း ဒုံးကျည်တွေပစ်ခတ်မှု ပိုများလာပါတယ်။

ပြုံယမ်းကတော့ အဲဒီ ပူးတွဲစစ်ရေးလေ့ကျင့်မှုတွေကို ဆိုးလ်နဲ့ ဝါရှင်တန်တို့က ရန်လိုတဲ့ မူဝါဒတွေကို သက်သေပြဖို့နဲ့ ကျူးကျော်ဖို့ အစမ်းလေ့ကျင့်မှုအဖြစ် ရှုတ်ချထားပါတယ်။