ဘင်္ဂလားဒေ့ရှ်ဝန်ကြီးချုပ်ကို တိုက်ခိုက်ခဲ့သူတွေ သေဒဏ်ပေးခံရ

ဝန်ကြီးချုပ် ရှိတ် ဟာစီနာကို လွန်ခဲ့တဲ့ ၂၅ နှစ်က လုပ်ကြံ တိုက်ခိုက်ခဲ့မှုအတွက် အတိုက်အခံ BNP ပါတီက လူ ကိုးဦးကို ဘင်္ဂလားဒေ့ရှ် တရားရုံးတခုက ဗုဒ္ဓဟူးနေ့ မနေ့က သေဒဏ်တွေ ချမှတ်လိုက်ပါတယ်။ ဒါ့အပြင် နောက်ထပ် ၂၅ ဦး ထောင်ဒဏ်တသက်နဲ့ ၁၃ ဦးကို ထောင်ဒဏ် ၁ဝ နှစ်စီ အပစ်ပေးလိုက်တယ်လို့ ကြေညာခဲ့ပါတယ်။ အဲဒီ လူတွေဟာ ၁၉၉၄ ခုနှစ်က ဝန်ကြီးချုပ် ဟာစီနာ အတိုက်အခံနိုင်ငံရေးသမား ဘဝနဲ့ မဲဆွယ်ပွဲ ခရီးထွက်ရင်း စီးနင်းလာတဲ့ မီးရထားကို ဘူတာတခုအရောက်မှာ ဓါတ်ဆီပုလင်း မီးလောင်ဗုံးတွေနဲ့ ပစ်ပေါက် တိုက်ခိုက်ခဲ့သူတွေ ဖြစ်တယ်လို့ ဆိုပါတယ်။ အတိုက်အခံ BNP ပါတီ ခေါင်းဆောင်တဦးက ဒါဟာ ချဲ့ကားထားတဲ့ အမှုဖြစ်ပြီး အခု စီရင်ချက်ဟာ အစိုးရက အတိုက်အခံတွေကို မမျှမတ ဖိနှိပ်မှုဖြစ်တယ်လို့ ပြောပါတယ်။ RFA