ဝန်ကြီးချုပ်ဟောင်းကိုဖမ်းဆီးခွင့် ပါကစ္စတန်တရားရုံးယာယီတားမြစ်

ပါကစ္စတန်မှာ အကြမ်းဖက် ရုန်းရင်းဆန်ခတ်မှုတွေဖြစ်ပြီးနောက် ဝန်ကြီးချုပ်ဟောင်း အီမရန်ခန်း (Imran Khan) ကို ဖမ်းဆီးဖို့ ပြင်ဆင်နေတာကို တရားရုံးက ယာယီပိတ်ပင်လိုက်ပါတယ်။

ပါကစ္စတန်အရှေ့ခြမ်းက လာဟိုးမြို့က ခမ်းရဲ့နေအိမ်အပြင်ဘက်မှာ သူ့ကိုထောက်ခံသူတွေနဲ့ ရဲတပ်ဖွဲ့ဝင်တွေကြား ၂၄ နာရီကျော်ကြာ အပြင်းအထန် အဓိကရုဏ်းဖြစ်နေတာကို ရပ်တန့်နိုင်ဖို့ ဝန်ကြီးချုပ်ဟောင်းအပေါ် ဖမ်းဆီးမိန့်ကို ကြာသပတေးနေ့အထိ ခေတ္တရပ်ထားဖို့ ပါကစ္စတန်တရားရုံးတရုံးက ရဲတပ်ဖွဲ့ကိုအမိန့်ပေးခဲ့တာပါ။

အကျင့်ပျက်ခြစားမှု စွဲချက်တွေကိုရင်ဆိုင်ဖို့ တရားရုံးချိန်းပျက်ကွက်ခဲ့တဲ့ ဝန်ကြီးချုပ်ဟောင်း အီမရန်ခန်းကို ရဲအရာရှိတွေက အင်္ဂါနေ့က ဖမ်းဆီးဖို့ကြိုးပမ်းခဲ့တာမှာ သူ့ရဲ့ အတိုက်အခံပါတီဖြစ်တဲ့ Pakistan Tehreek-e-Insaf ကို ထောက်ခံကြသူ ထောင်နဲ့ချီက သူ့ အိမ်ရှေ့မှာ ကြားဝင်တားဆီးခဲ့ကြလို့ ရဲတပ်ဖွဲ့နဲ့ ရုန်းရင်းဆန်ခတ် ဖြစ်ခဲ့ကြပါတယ်။

ရဲတပ်ဖွဲ့ဝင်တွေနဲ့  အရံစစ်တပ်ဖွဲ့ဝင်တွေဟာ မျက်ရည်ယိုဗုံးတွေ၊ မီးသတ်ပိုက်တွေ သုံးပြီး လူစုခွဲဖို့ကြိုးစားခဲ့ ပါတယ်။ အီမရန်ခန်းကို ထောက်ခံကြသူတွေကလည်း လုံခြုံရေးတပ်ဖွဲ့ဝင်တွေကို လောက်လေးခွတွေ၊ အုတ်ခဲတွေနဲ့ ပြန်လည် ပစ်ခတ်တိုက်ခိုက် ခဲ့လို့ အီမရန်ခန်းရဲ့နေအိမ်ရှိရာ ဇာမန်ပန်းခြံရပ်ကွက်တခုလုံးက စစ်မြေပြင်လို ဖြစ်သွားခဲ့ပါတယ်။

ဗုဒ္ဓဟူးနေ့မွန်းလွဲပိုင်းအထိ ထိပ်တိုက်ရင်ဆိုင်မှုတွေ ဆက်လက်ဖြစ်ပွားခဲ့ပြီး နှစ်ဘက်စလုံးမှာလည်း ဒဏ်ရာရသူ အများအပြားရှိခဲ့ပါတယ်။ အစ္စလာမ်မာဘတ်၊ ကရာချိ၊ ပါရှဝါ အစရှိတဲ့ အခြားပါကစ္စတန်မြို့ကြီးတွေမှာလည်း အကြမ်းဖက်ဆန္ဒပြပွဲ ဖြစ်ပွားနေပါတယ်။

နာမည်ကျော် ခရစ်ကက်ကစားသမားဟောင်းကနေ နိုင်ငံရေးသမားဖြစ်လာသူ အီမရန်ခန်းဟာ မနှစ် ဧပြီလက ပါလီမန်မှာ သူ့အစိုးရကို အယုံအကြည်မရှိအဆိုတင် မဲခွဲဆုံးဖြတ်ခံခဲ့ရလို့ ရာထူးကဆင်းပေးခဲ့ရပါတယ်။ အဲဒီနောက်ပိုင်းမှာ အသက် ၇၀ ရှိပြီဖြစ်တဲ့သူဟာ ဆူပူအုံကြွမှု၊ အကြမ်းဖက်မှု၊ အကျင့်ပျက်ခြစားမှုတွေအပါအဝင် အမှုပေါင်း ဒါဇင်နှင့်ချီ ရင်ဆိုင်နေရပါတယ်။ ဒီစွပ်စွဲချက်တွေကို အီမရန်ခန်းဘက်ကတောာ့ ငြင်းဆိုထားပြီး သူ့နေရာမှာဆက်ခံတဲ့ ဝန်ကြီးချုပ် ရှာဘတ်ဇ် ရှရိဖ် (Shehbaz Sharif) က သူ့ကို နိုင်ငံရေးအရ ဓားစာခံလုပ်တာလို့ ဆိုထားပါတယ်။