ထိုင်းတွင် ရွေးကောက်ပွဲနီးကပ်လာချိန်၌ လေထုညစ်ညမ်းမှုများကို တိုက်ဖျက်ပေးမည်ဟု နိုင်ငံရေးသမားများက ကတိပေး

ထိုင်းနိုင်ငံရှိ နေရာအများအပြားတွင် လေထုညစ်ညမ်းနေချိန်တွင် အထွေထွေရွေးကောက်ပွဲနီးကပ်လာခြင်းနှင့်အတူ ထိုင်းနိုင်ငံရေးသမားများက လေထုညစ်ညမ်းမှုများကို တိုက်ဖျက်ပေးမည်ဟု ကတိပေးပြောကြားခဲ့ကြသည်။

ဒီမိုကရက်ပါတီ၏ လက်ထောက်ခေါင်းဆောင် အွန်ဂါ့တ်လမ်ပိုင်ဘွန်းက ၎င်း၏ပါတီသည် လေထုညစ်ညမ်းမှုကို အလေးအနက်ထားပြီး အန္တရာယ်ရှိသော လေထုညစ်ညမ်းမှု PM2.5 ကိုဖြေရှင်းရန် နည်းလမ်းများကို ရှာဖွေသွားမည်ဟု မတ် ၁၃ ရက်တွင် ပြောကြားခဲ့သည်။

၎င်းပါတီ၏မူဝါဒရေးရာအဖွဲ့ခေါင်းဆောင် ဆူချတ်ဗီဆူဝမ်ဆာဝတ်အနေဖြင့် PM2.5 ဒဏ်သင့်ဒေသခံများနှင့် ယင်းပြဿနာကို ကိုင်တွယ်ဖြေရှင်းမည့် မူဝါဒတစ်ရပ်ကိုရေးဆွဲရန်အတွက် ပညာရှင်များနှင့် ဆက်စပ်ပါတီများ နှင့်အတူ ပူးပေါင်းဆောင်ရွက်နေသည်ဟု အွန်ဂါ့တ်က ဘန်ကောက်အနုပညာနှင့်ယဉ်ကျေးမှု စင်တာအပြင်ဘက်တွင် ပြောကြားခဲ့သည်။

“လေကောင်းလေသန့်ကို ရှူရှိုက်ခွင့်ရရှိဖို့က နိုင်ငံသားတိုင်းရဲ့အခြေခံအခွင့်အရေးတစ်ရပ်ဖြစ်ပါတယ်”ဟု ဆူချတ်ဗီက ပြောကြားခဲ့သည်။

“ဒီမိုကရက်ပါတီအနေနဲ့လူတိုင်းရဲ့ အခြေခံအခွင့်အရေးတွေကို ညီညီမျှမျှရရှိဖို့ အားပေးထောက်ခံပါတယ်”ဟုလည်း ၎င်းကပြောကြားခဲ့သည်။

၎င်း၏ပါတီသည် လေထုညစ်ညမ်းမှုစံနှုန်းများကို ချမှတ်ရန်၊ သန့်ရှင်းသောစွမ်းအင်နှင့် လေထုညစ်ညမ်းမှု ထိန်းချုပ်ရေးနည်းပညာများတွင် ဆန်းသစ်တီထွင်မှုမြှင့်တင်ရန်နှင့် လေထုညစ်ညမ်းမှုကို ဖြစ်စေသော အဖွဲ့အစည်းများ၊ ကုမ္ပဏီများနှင့် လူတစ်ဦးချင်းစီကို အပြစ်ပေးရန်စီစဉ်ထားသည့် လေထုသန့်ရှင်းမှုအက်ဥပဒေကို တွန်းအားပေးဆောင်ရွက်သွားရန် ရည်ရွယ်ထားသည်။

ထို့ပြင် ယင်းပါတီသည် ဘန်ကောက်မြို့ အတွင်းပိုင်းရှိ ဒေသ ၁၆ ခုတွင်စမ်းသပ်လုပ်ဆောင်မည့် Bangkok Low Emission Zone ကို အကောင်အထည်ဖော်သွားရန်လည်း စီစဉ်ထားသည်။ ယင်းနေရာတွင် စာသင်ကျောင်းပေါင်း ၃၀၀ ကျော်နှင့် ကျန်းမာရေးအဆောက်အအုံ ၄၀ ရှိပြီး PM2.5 ဒဏ်ကို ဆိုးရွားစွာခံစားနေရသည့် နေရာဖြစ်သည်ဟု ဆူချတ်ဗီက ပြောကြားခဲ့သည်။

ထိုင်းနိုင်ငံရှိ နေရာအများအပြားမှ ဒေသခံများသည် လပေါင်းများစွာ ဆိုးရွားသည့် လေထုညစ်ညမ်းမှုနှင့် ကြုံတွေ့နေရသည်။

PM2.5 သည် လေထုညစ်ညမ်းမှု၏ သေဆုံးစေနိုင်သည့်ပုံစံများမှပုံစံတစ်မျိုးဖြစ်ပြီး ယင်းသည်အချင်း ၂၅ မိုက်ခရိုမီတာ အောက်လျော့နည်းသော သို့မဟုတ် လူ့ဆံပင်မွှေးတစ်မွှေး၏ အချင်းသုံးရာခိုင်နှုန်းခန့်ရှိ သောအလွန်သေးငယ်သည့် အမှုန်အမွှားများ ဖြစ်သည်။

ထို့ကြောင့် ၎င်းတို့သည် အဆုတ်အတွင်းပိုင်းအထိ ထိုးဖောက်ဝင်ရောက်နိုင်ပြီး ၎င်းတို့သည် ကာလကြာရှည် တည်ရှိနေနိုင်ပြီး သို့မဟုတ် စစ်မထုတ်ဘဲ သွေးကြောအတွင်းသို့ ဖြတ်သန်းရောက်ရှိနိုင်သည်။

ဒီမိုကရက်ပါတီအပြင် ထိုင်းနိုင်ငံ၏အကြီးဆုံးနိုင်ငံရေးပါတီဖြစ်သည့် ဖျူထိုင်းပါတီကလည်း လေထုညစ်ညမ်းမှုကို တိုက်ဖျက်သွားမည်ဟု ကတိပြုပြောကြားခဲ့သည်။

ပါတီ၏ PM2.5 မူဝါဒရေးရာအဖွဲ့အကြီးအကဲ ပလော့ပရာဆော့ပ်က မတ် ၁၃ရက်တွင် ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် လေထုညစ်ညမ်းမှု ပြဿနာကိုတိုက်ဖျက်မည့် စီမံချက်အများအပြားကို တင်သွင်းခဲ့သည်။

ယင်းစီမံချက်များတွင် သန့်ရှင်းသောလေထုဥပဒေတစ်ရပ် အကောင်အထည်ဖော်ရေး၊ သန့်ရှင်းသောစွမ်းအင်နှင့် မြို့များတွင် လျှပ်စစ်ကားများတိုးမြှင့်ရေးနှင့် ဘန်ကောက်နှင့်အနီးအနားရှိ ပြည်နယ်များမှ စာသင်ကျောင်းများတွင် လေသန့်စက်များတပ်ဆင်ရေးစသည်တို့ပါဝင်သည်။