အိန္ဒိယရှိ ပြည်နယ်တစ်ခုတွင် ၁၃ နာရီအတွင်း ၃၆၇၄၉ ကြိမ် မိုးကြိုးပစ်

အိန္ဒိယနိုင်ငံမှ ပြည်နယ်တစ်ခုတွင် စံချိန်တင် အရေအတွက်အဖြစ် ၁၃ နာရီအတွင်း မိုးကြိုး အကြိမ်သုံးသောင်းခွဲ ကျော် ပစ်ချခဲ့ကြောင်း သိရသည်။

ဧပြီ ၂၄ ရက်က ၁၃ နာရီကြာ ကာလအပိုင်းအခြားအတွင်း ရာသီဥတု ဆိုးရွားမှုနှင့်အတူ မိုးကြိုးများ အကြိမ်ကြိမ် ပစ်ခဲ့ကြောင်း အန်ဒရာ ပရာဒက်ရှ်ပြည်နယ်မှ မိုးလေဝသ ပညာရှင်များက ဆိုသည်။ ထိုအချိန်ပိုင်းအတွင်း အိန္ဒိယတောင်ပိုင်း ပြည်နယ်၌ စုစုပေါင်း ၃၆၇၄၉ ကြိမ်ထိ မိုးကြိုးပစ်ချခဲ့သည်။

ယင်းဒေသသည် ယခင်ကလည်း မိုးကြိုးပစ်မှုများ ဖြစ်ပေါ်လေ့ ရှိသည့်တိုင် ယင်းကိန်းဂဏန်းမှာမူ ပုံမှန်မဟုတ်ဘဲ အလွန် လွန်ကဲဆိုးရွားသည့် အခြေအနေ ဖြစ်နေကြောင်း အရေးပေါ် အခြေအနေ ကယ်ဆယ်ရေး ဌာန တာဝန်ရှိသူများက ဝန်ခံခဲ့သည်။

မိုးကြိုးပစ်မှုများကြောင့် ထိုနေ့ တစ်နေ့တည်းတွင် အသက် ၉ နှစ်အရွယ် မိန်းကလေးငယ် တစ်ဦးအပါအဝင် လူ ၉ ဦး သေဆုံးခဲ့သည်။

အိန္ဒိယတွင် မိုးရာသီကျရောက်ရာ မုတ်သုံကာလတွင် မိုးကြိုးပစ်မှုများ ပုံမှန် ဖြစ်ပေါ်လေ့ရှိသည်။ မုတ်သုံရာသီဥတုမှာ ဇွန်လမှ စက်တင်ဘာလထိ ကျရောက်လေ့ ရှိသော်လည်း ပြီးခဲ့သည့် နှစ်ပိုင်းများအတွင်း မုတ်သုံကာလ မဟုတ်ဘဲ အိန္ဒိယတွင် မိုးကြိုးလျှပ်စီး လှုပ်ရှားမှုများ ပိုမို တိုးပွားလာကြောင်း ပညာရှင်များက သတိပေးထားသည်။

ယခုသီတင်းပတ် အတွင်းတွင်မူ အန်ဒရာ ပရာဒက်ရှ် ပြည်နယ်၏ မြောက်ပိုင်းကမ်းခြေ ဒေသများ၌ အများဆုံး မိုးကြိုးပစ်ခဲ့ကြောင်း သိရသည်။ ယင်းဧရိယာသည် မိုးသည်းထန်စွာ ရွာသွန်းမှုများနှင့် မကြာခဏ ကြုံတွေ့ရလေ့ ရှိသည်။

အိန္ဒိယ တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် ၂၀၀၅ ခုနှစ် နောက်ပိုင်းကတည်းက မိုးကြိုးပစ်ချမှုများကြောင့် နှစ်စဉ် လူပေါင်း ၂၀၀၀ ကျော်မျှ သေဆုံးလေ့ ရှိကြောင်းလည်း သက်ဆိုင်ရာက ထုတ်ပြန်သော မှတ်တမ်းများ၌ ဖော်ပြပါရှိသည်။

Ref: BBC