ဂျိုးဘိုင်ဒန် အာမခံသော်လည်း ကမ္ဘာ့ဘဏ်လုပ်ငန်းရှယ်ယာများ ကျဆင်း

အမေရိကန် ဘဏ်ကြီးတွေဖြစ်တဲ့ Silicon Valley Bank (SVB) နဲ့ Signature Bank တို့ကို အာဏာပိုင်တွေက ထိန်းချုပ်လိုက်ပြီးနောက် အမေရိကန်နိုင်ငံရဲ့ ဘဏ္ဏာရေးစနစ်က ယုံကြည်စိတ်ချရတယ်လို့ အမေရိကန် သမ္မတ ဂျိုးဘိုင်ဒန်ရဲ့ အာမခံပြောကြားမှု ရှိခဲ့ပေမယ့်လည်း တနင်္လာနေ့က ကမ္ဘာတစ်ဝန်းက ဘဏ်လုပ်ငန်း ရှယ်ယာ‌ဈေးနှုန်းတွေ ကျဆင်းခဲ့ကြောင်း သိရပါတယ်။

ဘဏ်စနစ်ကို ကာကွယ်ဖို့ လိုအပ်တာမှန်သမျှလုပ်ဆောင်သွားမယ်လို့ ဂျိုးဘိုင်ဒန် က ပြောကြားခဲ့ပေမယ့်လည်း ဘဏ်ကြီးနှစ်ခု ပြိုလဲမှုကြောင့် အခြားဘဏ်တွေလည်း ထိခိုက်လိမ့်မယ်လို့ ရင်းနှီးမြုပ်နှံသူတွေရဲ့ စိုးရိမ်မှုတွေနဲ့အတူ ကမ္ဘာတစ်ဝန်းက ဘဏ်လုပ်ငန်းရှယ်ယာတွေ ကျဆင်းခဲ့ပါတာဖြစ်ပါတယ်။

တနင်္လာနေ့ အစောပိုင်းမှာ စပိန် က Santander နဲ့ ဂျာမနီ က Commerzbank ဘဏ်တွေရဲ့ ရှယ်ယာဈေးနှုန်းတွေ ၁၀ ရာခိုင်နှုန်း ကျော် ကျဆင်းခဲ့ပါတယ်။ အမေရိကန် ဘဏ်တွေက ဥရောပ ဘဏ်တွေထက် ပိုဆိုးတဲ့ အခြေအနေနဲ့ ရင်ဆိုင်ခဲ့ရပါတယ်။

စုဆောင်းသူတွေရဲ့ ငွေကြေးတွေ မဆုံးရှုံးစေရဘူးလို့ တာဝန်ရှိသူတွေက အာမခံပြောကြားထားပေမယ့် Silicon Valley Bank ရဲ့ အွန်လိုင်း နဲ့ ကြေးနန်း ဘဏ်လုပ်ငန်းတွေကို ဆိုင်းငံထားတာကြောင့် ငွေထုတ်ယူလိုသူတွေ အနေနဲ့ ဘဏ်ခွဲတွေမှာ လူကိုယ်တိုင်ကြာမြင့်စွာတန်းစီကာ သတ်မှတ်ငွေကြေးကို ထုတ်ယူနေရကြောင်း ဘီဘီစီ သတင်းက ဖော်ပြပါတယ်။

-Ref: BBC