ဗြိတိန်၏ ကာကွယ်ရေးအသုံးစရိတ် တိုးမြှင့်မည်

လာမယ့် ၂ နှစ်အတွင်း ဗြိတိန်နိုင်ငံရဲ့ ကာကွယ်ရေးအသုံးစရိတ်ကို အမေရိကန်ဒေါ်လာ ၆ ဘီလီယံ တိုးမြှင့်သုံးစွဲ သွားမယ်လို့ ဗြိတိန်ဝန်ကြီးချုပ် ရီရှီဆူနက်ခ်က တနင်္လာနေ့မှာ ကတိပြုလိုက်ပါတယ်။ ဒါဟာ ယူကရိန်းအရေးနဲ့ တရုတ်နိုင်ငံတို့ရဲ့ အင်အားကြီးထွားလာမှုအပေါ် စိုးရိမ်ပူပန်မှုတွေကို တုံ့ပြန်တဲ့အနေနဲ့ ကာကွယ်ရေးအသုံးစရိတ် တိုးမြှင့်ဖို့ လုပ်ဆောင်လာတာပါ။

အသုံးစရိတ်တိုးမြှင့်မှုဟာ ဗြိတိန်ရဲ့နိုင်ငံခြားရေးနဲ့ ကာကွယ်ရေး မူဝါဒပိုင်း ဆိုင်ရာအပေါ် ကြီးကြီးမားမား ပြင်ဆင်ပြောင်းလဲမှုရဲ့ တစ်စိတ်တစ်ဒေသဖြစ်ပေမယ့် ကာကွယ်ရေးအရာရှိတွေ လိုလားတဲ့ အတိုင်းအတာထက် ပြင်ဆင်ပြောင်းလဲမှုက နည်းပါးနေသေးတာဖြစ်ပါတယ်။ အခုတိုးမြှင့်သုံးစွဲဖို့ လျာထားတဲ့ငွေတွေကို  ယူကရိန်းအရေးအတွက် လက်နက်ထောက်ပံ့ပေးလို့ လျော့နည်းသွားတဲ့ ဗြိတိန်ရဲ့ လက်နက်ခဲယမ်းသိုလှောင်မှု ပမာဏကို ဖြည့်တင်းတဲ့ နေရာမှာ သုံးစွဲသွားမှာပါ။

တချို့တစ်ဝက်ကိုလည်း  ဗြိတိန်၊ အမေရိကန်နဲ့ ဩစတြေးလျ (၃) နိုင်ငံ ရေငုပ်သင်္ဘောတည် ဆောက်ရေး သဘောတူညီချက်အတွက် ဦးတည် သုံးစွဲသွားမှာဖြစ်ပါတယ်။ ဗြိတိန်ဝန်ကြီးချုပ် ဆူနက်ခ်ဟာ ဩကက်စ် စစ်ရေးစာချုပ်အတွက် နောက်ထပ် ပြုလုပ် သွားမယ့် အဆင့်တွေကို ဆွေးနွေးအတည်ပြုဖို့ တနင်္လာနေ့က အမေရိကန် သမ္မတ ဂျိုးဘိုင်ဒန်၊ ဩစတြေးလျ ဝန်ကြီးချုပ် အယ်လ်ဘားနိစ်တို့နဲ့ ဆန်ဒီယေဂိုမြို့မှာ တွေ့ဆုံခဲ့ပါတယ်။