ထိုင်းသို့ အလည်အပတ်ဗီဇာဖြင့်လာသူများ ဘဏ်စာရင်းဖွင့်ခြင်းကို Bangkok Bank က ယာယီရပ်ဆိုင်းကြောင်း ကြေညာခဲ့သော်လည်း အထောက်အထားခိုင်လုံပါက သံရုံးထောက်ခံချက်ဖြင့် ဆက်လုပ်ပေးမည်ဖြစ်ကြောင်း မြန်မာသံရုံး ထုတ်ပြန်

ထိုင်းနိုင်ငံသို့ အလည်အပတ်ဗီဇာဖြင့် လာရောက်သူများအတွက် ဘဏ်ငွေစာရင်းဖွင့်လှစ်ခြင်းကို Bangkok Bank က ယာယီရပ်ဆိုင်းထားမည်ဖြစ်ကြောင်း ကြေညာခဲ့သော်လည်း အထောက်အထားများ ခိုင်လုံပါက ထိုင်းနိုင်ငံ ဗန်ကောက်မြို့ရှိ မြန်မာသံရုံး၏ ထောက်ခံချက်ဖြင့် ဆက်လက်ပြုလုပ်မည်ဖြစ်ကြောင်း ထိုင်းနိုင်ငံ ဗန်ကောက်မြို့ရှိ မြန်မာသံရုံးက မတ် ၁၃ ရက်တွင် သတင်းထုတ်ပြန်သည်။

အဆိုပါသတင်းထုတ်ပြန်ချက်တွင် ထိုင်းနိုင်ငံ၏ Bangkok Bank အနေဖြင့် ပြည်ပနိုင်ငံသားများ ဘဏ်ငွေစာရင်းဖွင့် လှစ်ခြင်းနှင့်ပတ်သက်၍ အလည်အပတ်ဗီဇာ (Tourist Visa) ဖြင့် ဝင်ရောက်လာသူများအတွက် ဘဏ်ငွေစာရင်း ဖွင့်လှစ်ခြင်းနှင့်ပတ်သက်၍ ယာယီရပ်ဆိုင်းထားမည်ဖြစ်ကြောင်းကို မတ် ၈ ရက်တွင် အကြောင်းကြားလာကြောင်း၊ သို့သော်အောက်ပါအချက်များနှင့်ကိုက်ညီသူများကို အထောက်အထားများခိုင်လုံပါက ဗန်ကောက်မြို့ရှိ မြန်မာသံရုံး၏ ထောက်ခံချက်ဖြင့် ဆက်လက်ပြုလုပ်ပေးသွားမည်ဖြစ်‌ကြောင်း ထုတ်ပြန်ချက်တွင် ပါရှိသည်။

အဆိုပါအချက်အလက်များမှာ ထိုင်းနိုင်ငံ၌ လုပ်ငန်းဗီဇာဖြင့် အလုပ်လုပ်ကိုင်နေသူ၊ ထိုင်းနိုင်ငံအတွင်း စီးပွားရေးလုပ်ငန်း လုပ်ကိုင်နေသူ၊ ထိုင်းနိုင်ငံရှိ အစိုးရနှင့် ပုဂ္ဂလိကကျောင်းများ၌ ပညာသင်ကြားနေသူ၊ ဆေးရုံတက်ကုသမှုခံယူနေရသူ၊ ထိုင်းနိုင်ငံ၌ ပိုင်ဆိုင်မှုပြသနိုင်သူ (အရောင်းအဝယ်စာချုပ်ပြသရန်)တို့ဖြစ်ကြောင်း သိရသည်။

ထို့အပြင် ထိုင်းနိုင်ငံ၌ ရင်းနှီးမြှုပ်နှံမှုဆောင်ရွက်နေသူ၊ အဖွဲ့အစည်းများ၌ လုပ်ကိုင်နေသူ (သံတမန်ဗီဇာ၊ သံရုံးဝန်ထမ်းနှင့်  ကုလသမဂ္ဂဝန်ထမ်းများ)၊ Retirement Visa ရယူနေထိုင်သူ၊ Thailand Elite/Thailand Privilege ကိုင်ဆောင်သူ (သံရုံး ထောက်ခံစာမလို) ၊ သာသနာရေးအဖွဲ့အစည်းမှ ပုဂ္ဂိုလ်များ၊ ထိုင်းအိမ်ထောင်စုစာရင်းတွင် ပါရှိသည့် နိုင်ငံခြားသားများ (သံရုံးထောက်ခံစာမလို)၊ အလုပ်လုပ်ခွင့်ရှိသူ ရွှေ့ပြောင်းအလုပ်သမားများ (သံရုံးထောက်ခံစာမလို) စသည်တို့ ဖြစ်ကြောင်း ထိုင်းနိုင်ငံ ဘန်ကောက်မြို့ရှိ မြန်မာသရုံးက သတင်း ထုတ်ပြန်သည်။  eleven