ကြားဖြတ်ရွေးကောက်ပွဲတွင် ရှမ်းပြည်နယ် လစ်လပ်မဲဆန္ဒနယ်အားလုံး၌ SNLD ယှဉ်ပြိုင်မည်

ကြားဖြတ်ရွေးကောက်ပွဲကိုလာမည့် ၂၀၁၇ ဧပြီ ၁ ရက်တွင် ကျင်းပမည်ဖြစ်ရာ ရှမ်းပြည်နယ်ရှိ လစ်လပ် မဲဆန္ဒနယ် အားလုံး ၀င်ပြိုင်ရန်လျာထားကြောင်း ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ်ပါတီ (SNLD) အထွေထွေ အတွင်းရေးမှူး ဦးစိုင်းညွန့်လွင်က ပြောကြားသည်။

‘‘အားလုံးပေါင်း ခုနစ်နေရာလောက်ပြိုင်ဖြစ်မယ်ထင်တယ်။ ဆုံးဖြတ်ချက်တော့မကျသေးဘူး’’ ဟု ဦးစိုင်းညွန့်လွင် က ပြောသည်။

ပါတီဗဟိုအလုပ်အမှုဆောင်ကော်မတီအစည်းအဝေးကို ယခုလ ၂၀ ရက်နှင့် ၂၁ ရက်တွင် ရန်ကုန်၌ကျင်းပရန်ရှိပြီး အစည်းအဝေးတွင် အဆိုပါကိစ္စကို ဆုံးဖြတ်မည်ဖြစ်ကြောင်း ၎င်းက ဆက်လက်ပြောသည်။

ကြားဖြတ်ရွေးကောက်ပွဲ ကျင်းပပေးမည့် လစ်လပ်မဲဆန္ဒနယ် ၁၈ ခုတွင် ရှမ်းပြည်နယ်က ခုနစ်နေရာ ပါဝင်နေ သည်။ ပြည်သူ့လွှတ်တော် လစ်လပ်မဲဆန္ဒနယ်များ၌ ရှမ်းပြည်နယ်တောင်ပိုင်းရှိ ကျေးသီးနှင့် မိုင်းရှူးမြို့နယ်တို့ ပါဝင်သည်။ ပြည်နယ်လစ်လပ်မဲဆန္ဒနယ်များတွင် ကျိုင်းတုံအမှတ် (၂)၊ ကျေးသီးအမှတ်(၁)နှင့် (၂)၊ မိုင်းရှူး(၁)နှင့် (၂)တို့ ဖြစ်သည်။

ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ်ပါတီသည် ၂၀၁၅ အထွေထွေရွေးကောက်ပွဲတွင် အမတ်နေရာ ၄၀ ရရှိ ခဲ့ပြီး စတုတ္ထမြောက်အများဆုံး အနိုင်ရပါတီဖြစ်ခဲ့သည်။

၂၀၁၅ ရွေးကောက်ပွဲတွင် SNLD က ပြည်သူ့လွှတ်တော်၌ ၁၂နေရာ၊ အမျိုးသားလွှတ်တော်တွင် သုံးနေရာနှင့် ပြည်နယ်လွှတ်တော်တွင် ၂၅ နေရာ အနိုင်ရခဲ့သည်။

ရှမ်းပြည်နယ် လွှတ်တော်တွင် SNLD ၏ အမှတ်အင်အားသည် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ထက်ပိုများပြီး ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှ အမတ်အင်အားထက် လျော့နည်းသည်။

# 7 Day Daily


 


Leave a Reply