ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဥက္ကဋ္ဌ ဦးခင်ရီ ကျောက်ဖြူ၊ သံတွဲ၊ အမ်း၊ တောင်ကုတ် ခရိုင်များမှ လူငယ်များတွေ့ဆုံပွဲနှင့် လူမှုရေးအသင်းအဖွဲ့များနှင့်တွေ့ဆုံပွဲသို့ တက်ရောက

  

မတ် ၁၃၊ သံတွဲ

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဥက္ကဋ္ဌ ဦးခင်ရီသည် ဗဟိုအလုပ်အမှုဆောင် ရခိုင်ပြည်နယ် ပါတီဥက္ကဋ္ဌ ဒေါက်တာစန်းရွှေနှင့်အတူ ၁၂-၃-၂၀၂၃ ရက်နေ့ နံနက် (၀၉:၀၀)နာရီအချိန်တွင် သံတွဲမြို့နယ် ဒွာရာဝတီခန်းမ၌ ပြုလုပ်သည့် ကျောက်ဖြူ၊ သံတွဲ၊ အမ်း၊ တောင်ကုတ် ခရိုင်များအတွင်းရှိ လူငယ်(၃၇၀)ဦးခန့်နှင့် တွေ့ဆုံပွဲအခမ်းအနားသို့ တက်ရောက်ခဲ့ပါသည်။

အခမ်းအနားကို နိုင်ငံတော်အလံအား အလေးပြုကာ နိုင်ငံတော်သီချင်းသီဆို၍ ဖွင့်လှစ်ခဲ့ပြီး ပါတီဥက္ကဋ္ဌမှ နှုတ်ခွန်းဆက်အမှာစကား ပြောကြားခဲ့ရာ ” မိမိတိုနိုင်ငံအပါအဝင် အခြားသောနိုင်ငံတိုင်း၏ အနာဂတ် ကောင်းမွန်မှုမှာ လူငယ်များအပေါ်တွင် မူတည်ပါကြောင်း၊ လူငယ်များအနေဖြင့် သက်ဆိုင်ရာကဏ္ဍများအလိုက် ကျွမ်းကျင်ရာပညာဝမ်းစာပြည့် နေဖို့လိုအပ်ကြောင်း၊ မိမိတို့ ပါတီမှလည်း လူငယ်များ၏ အခန်းကဏ္ဍကို အဓိကထား ဆောင်ရွက်ရမည့် အခန်းကဏ္ဍတစ်ခုအဖြစ် သတ်မှတ်ဆောင်ရွက်နေကြောင်း၊ လူငယ်များအနေနှင့် မလိုသူတို့၏ သွေးထိုးနှောက်ယှက်မှုကို နားလည်သဘောပေါက်ကြရန်လိုကြောင်းနှင့် လူငယ်များသည် နိုင်ငံ၏ အနာဂတ် ဖြစ်သည့်အတွက် မိမိတို့၏ တွေးတောကြံဆမှုကို မှန်ကန်စွာဆုံးဖြတ်၍ ရွေးချယ်ကြရန်လိုအပ်ကြောင်း ” ထည့်သွင်း ပြောကြားခဲ့ပါသည်။

ထို့နောက် တက်ရောက်လာသော လူငယ်များမှ ၎င်းတို့သိရှိလိုသည့် ” လူငယ်နှင့် အနာဂတ်နိုင်ငံရေးကဏ္ဍ၊ လူငယ်နှင့်  နိုင်ငံတည်ငြိမ်အေးချမ်းရေးအခန်းကဏ္ဍ၊ လူငယ်နှင့် ပညာသင်ခွင့်ဆိုင်ရာအခွင့်အလမ်းနှင့် အလုပ်အကိုင် အခွင့်အလမ်းကဏ္ဍ၊ လူငယ်နှင့် တောင်သူလယ်သမားကဏ္ဍ ” များအား မေးမြန်းခဲ့ကြရာ ပါတီဥက္ကဋ္ဌမှ  ပြန်လည်ရှင်းလင်းဆွေးနွေးပြီး နေ့လည် (၁၁:၅၀)နာရီအချိန်တွင် အခမ်းအနား အောင်မြင်စွာပြီးမြောက်ခဲ့ပါသည်။

ဆက်လက်ပြီး ပါတီဥက္ကဋ္ဌ ဦးခင်ရီသည် နေ့လည်ပိုင်း (၁၄:၀၀)အချိန်မှ (၁၅:၃၀)အချိန်ထိ သံတွဲခရိုင်အခြေစိုက် လူမှုရေးအသင်းအဖွဲ့များ၊ ပရဟိတအဖွဲ့အစည်းများနှင့်တွေ့ဆုံပြီး နိုင်ငံတိုးတက်ဖွံ့ဖြိုးရေး၊ မိမိဒေသတိုးတက် ဖွံ့ဖြိုးရေး အပါအဝင် အတူတကွ ပူးတွဲလုပ်ကိုင် ဆောင်ရွက်နိုင်သည့် တိုင်းကျိုးပြည်ပြုကိစ္စရပ်များကိုလည်း အပြန်အလှန်ဆွေးနွေးခဲ့ကြကြောင်း သတင်းရရှိပါသည်။