EPS စာမေးပွဲ စက်တင်ဘာ ၂၉ ရက်တွင် စတင်ကျင်းပမည်

တောင်ကိုရီးယားအလုပ်အကိုင် (EPS) စာမေးပွဲကို လာမယ့် စက်တင်ဘာ ၂၉ ရက်မှာ စတင်ကျင်းပသွားမယ်လို့ အစိုးရ ပြည်ပအလုပ်အကိုင် အေဂျင်စီ (POEA) က ထုတ်ပြန်ပါတယ်။

EPS စာမေးပွဲတွေကို စိုက်ပျိုးရေးနဲ့ မွေးမြူရေး လုပ်ငန်းတွေအတွက် စက်တင်ဘာ ၂၉ ရက်ကနေ အောက်တိုဘာ ၂၇ ရက်ထိ၊ ကုန်ထုတ်လုပ်ငန်း ပထမအသုတ်အတွက် အောက်တိုဘာ ၃၁ ရက်ကနေ ဒီဇင်ဘာ ၂၉ ရက်ထိ၊ ကုန်ထုတ်လုပ်ငန်း ဒုတိယ အသုတ်အတွက် ၂၀၂၃ ခုနှစ် ဇန်နဝါရီ ၃ ရက်ကနေ ဧပြီ ၃ ရက်အထိ နဲ့ ဆောက်လုပ်ရေးလုပ်ငန်းအတွက် ၂၀၂၃ ခုနှစ် ဧပြီ ၁၇ ရက် ကနေ မေ ၁၅ ရက်အထိ သတ်မှတ်ထားတယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

အခုကြေညာခဲ့တဲ့ အချိန်ဇယားနဲ့ပတ်သက်လို့ ကုန်ထုတ်လုပ်ငန်း ပထမအသုတ်၊ ကုန်ထုတ်လုပ်ငန်း ဒုတိယ အသုတ် နဲ့ ဆောက်လုပ်ရေး လုပ်ငန်းတွေကတော့ ကျင်းပမယ့် နေ့ရက်တွေ အပြောင်းအလဲ ရှိနိုင်တယ်လို့လည်း ထုတ်ပြန်ချက်အရ သိရပါတယ်။ မူလက EPS စာမေးပွဲတွေကို ကုန်ထုတ်နဲ့ဆောက်လုပ်ရေးလုပ်သားတွေအတွက် အခုနှစ် ဩဂုတ် (၁၆)ရက် ကနေ အောက်တိုဘာ (၁၅) ရက်အထိ စစ်ဆေးဖို့ ကြေညာခဲ့တာ ဖြစ်ပါတယ်။ အဲဒီနောက် စာမေးပွဲ ဖြေဆိုမယ့်သူ များနေတာကြောင့် စိစစ်နေတဲ့အတွက် သတ်မှတ်ရက်အတွင်း ကျင်းပနိုင်တာမရှိခဲ့ဘဲ ကြန့်ကြာနေခဲ့တာ ဖြစ်ပါတယ်။

EPS စာမေးပွဲကို ဖြေဆိုဖို့ အခုနှစ် ဇူလိုင်လအတွင်းက လျှောက်ထားခဲ့ကြရာ လျှောက်ထားသူဦးရေမှာလည်း ၃၇၀၀၀ ကျော်ရှိပြီး အများစုက နယ်အသီးသီးကနေ လာရောက်ဖြေဆိုကြရမှာဖြစ်တယ်လို့ သိရပါတယ်။ တောင်ကိုရီးယား အလုပ်အကိုင်စာမေးပွဲ EPSအောင်မြင်သူတိုင်း တောင်ကိုရီးယားနိုင်ငံမှာ သွားရောက် အလုပ် လုပ်ကိုင်ရမှာမဟုတ်ဘဲ အလုပ်ရှင်ရဲ့ စိတ်ကြိုက်ရွေးချယ်ခံရသူတွေပဲ သွားရောက် အလုပ်လုပ်ကိုင်ခွင့်ရမှာ ဖြစ်တယ်လို့ POEA က ထုတ်ပြန်ထားပြီး ဖြစ်ပါတယ်။ source:onenews