ကာတာအခြေစိုက် Ooredoo ဆက်သွယ်ရေးကုမ္ပဏီ မြန်မာနိုင်ငံရှိ ၎င်း၏လုပ်ငန်းကိုရောင်းချရန် ဆွေးနွေး နေသည်ဟု ရိုက်တာသတင်းတွင် ဖော်ပြ

ကာတာအခြေစိုက် ဆက်သွယ်ရေး ကုမ္ပဏီဖြစ်သည့် Ooredoo သည် မြန်မာနိုင်ငံရှိ ၎င်း၏လုပ်ငန်းကို ရောင်းချရန် ဆွေးနွေးလျက်ရှိကြောင်း အဆိုပါကိစ္စရပ်နှင့်ပတ်သက်၍ သိရှိထားသော သတင်းရင်းမြစ်နှစ်ဦးက ပြောကြားခဲ့သည်ဟု ရိုက်တာသတင်းတွင် ဖော်ပြထားသည်။

ဒိုဟာအခြေစိုက် Ooredoo ကုမ္ပဏီအနေဖြင့် လုပ်ငန်းရောင်းချမည့် ၎င်းတို့၏ ရည်ရွယ်ချက်ကို မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း (Myanmar’s Posts and Telecommunications Department) ထံ အကြောင်းကြားထားသည်ဟု အဆိုပါ သတင်းရင်းမြစ်များက ဆိုသည်။

Ooredoo ကုမ္ပဏီသည် မြန်မာနိုင်ငံ၏ တတိယအကြီးဆုံး ဆက်သွယ်ရေး အော်ပရေတာဖြစ်ပြီး ၂၀၂၀ ခုနှစ်က သုံးစွဲသူ ၁၅ သန်းနီးပါး ရှိခဲ့သည်ဟု သိရသည်။

အဆိုပါကုမ္ပဏီအား ဝယ်ယူရန် အဓိကအလားအလာရှိသူများမှာ မြန်မာနိုင်ငံ၏ စီးပွားရေးလုပ်ငန်းစု တစ်ခုဖြစ်သော Young Investment Group၊ ရွှေသံလွင်ကုမ္ပဏီက ပိုင်ဆိုင်သည့် Skynet နှင့် စင်ကာပူအခြေစိုက် Campana Group တို့ဖြစ်ကြောင်း သတင်းရင်းမြစ်တစ်ဦးက ရိုက်တာသို့ ပြောကြားခဲ့သည်။

သို့ရာတွင် အဆိုပါ ကုမ္ပဏီသုံးခုနှင့် ဆွေးနွေးမှုများသည် နောက်ဆုံးအဆင့်သို့ မရောက်ရှိသေးကြောင်းလည်း ၎င်းက ပြောသည်။

Ooredoo ကုမ္ပဏီကမူ ဆက်သွယ်မေးမြန်းမှုကို လတ်တလောတွင် တုံ့ပြန်ဖြေကြားခြင်း မရှိသေးကြောင်း သိရသည်။

ရိုက်တာသတင်းဌာနအနေဖြင့် မြန်မာနိုင်ငံတွင် Ooredoo ကုမ္ပဏီက ရင်းနှီးမြှုပ်နှံထားသည့် ပမာဏကို အတည်ပြုနိုင်ခြင်း မရှိသေးသော် လည်း ၂၀၂၂ တွင် သုံးစွဲသူ ကိုးသန်းရှိခဲ့ပြီး ၂၀၂၀ ခုနှစ်တွင် သုံးစွဲသူ ၁၅ သန်းနီးပါး ရှိခဲ့ရာမှ ကျဆင်းသွားခဲ့သည်ဟု သိရသည်။

၂၀၂၀ ခုနှစ်က Ooredoo ကုမ္ပဏီသည် လုပ်ငန်းဝင်ငွေ ဒေါ်လာသန်း ၃၃၀ ခန့် ရရှိခဲ့သည်ဟု ရိုက်တာသတင်းတွင် ဖော်ပြထားသည်။

Ooredoo ကုမ္ပဏီသည် မြန်မာနိုင်ငံတွင် နောက်ဆုံးကျန်ရှိနေသည့် ပြည်ပ ဆက်သွယ်ရေး ကုမ္ပဏီဖြစ်ပြီး နော်ဝေအခြေစိုက် တယ်လီနော ကုမ္ပဏီသည်လည်း ယခုနှစ် မတ်လထဲတွင် မြန်မာနိုင်ငံမှ ထွက်ခွာသွားခဲ့သည်။