နည်းပြ နေသန်ဂျုံးစ်ကို ဆောက်သမ်တန်အသင်း ထုတ်ပယ်

ပရီးမီးယားလိဂ်မှာ ရလဒ်ဆိုးတွေ ကြုံတွေ့ခဲ့ပြီးနောက် ဆောက်သမ်တန်အသင်းဟာ နည်းပြ နေသန်ဂျုံးစ်ကို ရာထူးကနေ ထုတ်ပယ်ခဲ့ပါတယ်။ အသက် ၄၉ နှစ်အရွယ် နည်းပြ ဂျုံးစ်ဟာ ပြီးခဲ့တဲ့ နိုဝင်ဘာ ၁၀ ရက်ကမှ ဆောက်သမ်တန်အသင်းကို စတင်တာဝန်ယူခဲ့တာပါ။ ဒါပေမဲ့ ပရီးမီးယားလိဂ် ၁၄ ပွဲမှာ ၉ ပွဲအထိ ရှုံးနိမ့်ခဲ့သလို စနေညကလည်း အိမ်ကွင်းမှာ ဝူလ်ဗာဟမ်တန်ကို ၂ ဂိုး ၁ ဂိုး နဲ့ အရေးနိမ့်ခဲ့တာ ဖြစ်ပါတယ်။

ဒါကြောင့်လည်း အိမ်ကွင်း စိန့်မယ်ရီမှာ ၄ ပွဲ ဆက် ရလဒ်ဆိုးမှုနဲ့အတူ နည်းပြ နေသန်ဂျုံးစ်ကို ရာထူးကနေ ထုတ်ပယ်ခဲ့တာပါ။ ဝေးလ်လူမျိုးနည်းပြ နေသန်ဂျုံးစ်အနေနဲ့ ရက်ပေါင်း ၉၅ ရက်မှာတင် ရာထူးကနေ ထုတ်ပယ်ခံရတာကြောင့် ဆောက်သမ်တန်နည်းပြတွေထဲ သက်တမ်းအတိုဆုံးနည်းပြအဖြစ် မှတ်တမ်းဝင် သွားခဲ့ပါတယ်။ ဒါ့အပြင် စတုတ်စီးတီးနဲ့ လူတန်တောင်း အသင်းတွေကိုလည်း နည်းပြခဲ့ဖူးတဲ့ နေသန်ဂျုံးစ်ဟာ ဒီရာသီပရီးမီးယားလိဂ်မှာ ၈ ယောက်မြောက် ထုတ်ပယ်ခံရတဲ့နည်းပြလည်း ဖြစ်လာခဲ့ပါတယ်။