တံတားဦးမြို့ကို ဗဟိုပြုပြီး အင်အား ၅ ဒသမ ၂ အဆင့်ရှိ ငလျင်လှုပ်ခတ်မှုကြောင့် အင်းဝရှေးဟောင်းယဉ်ကျေးမှုဒေသ၊ မင်းကွန်းမြသိန်းတန်စေတီ အပါအဝင် ရှေးဟောင်းစေတီပုထိုးများနှင့် သာသနိက အဆောက်အအုံ များ ထိခိုက်ပျက်စီး

ဒီဇင်ဘာ ၁၅ ရက် နံနက် ၃ နာရီ ၁၆ မိနစ်က မန္တ​လေးတိုင်း​ဒေသကြီး တံတားဦးမြို့ အ​ရှေ့ဘက် ​လေးမိုင်ခန့်အကွာကို ဗဟိုပြု၍ အင်အားရစ်ချ်တာစ​ကေး ၅ ဒသမ ၂ အဆင့်ရှိ ​ ​ငလျင်လှုပ်ခတ်မှု​ကြောင့် အင်းဝ​ရှေး​ဟောင်း ယဉ်​ကျေးမှု​ဒေသ မင်းကွန်းမြသိန်းတန်​စေတီ အပါအဝင် ​ရှေး​ဟောင်း​စေတီပုထိုးများနှင့် သာသနိကအ​ဆောက်အအုံများ ထိခိုက်ပျက်စီးခဲ့​ကြောင်း စုံစမ်းသိရသည်။ အဆိုပါ အင်အားအသင့် အတင့်ရှိ ​မြေငလျင်လှုပ်ခတ်ခဲ့မှု​ကြောင့် မန္တ​လေးမြို့ရှိ ​စေတီပုထိုးအချို့ စိန်ဖူး​တော်​မြေခခြင်းနှင့် ထိခိုက်မှု များဖြစ်​ပေါ်ခြင်း၊ လူ​နေအိမ်အချို့ ထိခိုက်ခြင်း၊ အမရပူရမြို့နယ် ​တောင်သမန်အင်းစောင်းရှိ ​စေတီအချို့ စိန်ဖူး​တော်​မြေခြင်းနှင့် ထိခိုက်ခြင်း၊ အင်းဝရှေး​ဟောင်းယဉ်​ကျေးမှု​ဒေသရှိ နန်းမ​တော်မယ်နုအုတ်​ကျောင်းအပါအဝင် ​စေတီပုထိုးအချို့ စိန်ဖူး​တော်​မြေခခြင်းနှင့် ထိခိုက်ပျက်စီးမှုများဖြစ်​ပေါ်ခြင်း၊ စစ်ကိုင်း-မင်းကွန်း​ဒေသရှိ မင်းကွန်းပုထိုး​တော်ကြီး အနည်းငယ်ထိခိုက်ပျက်စီးခြင်း၊ မင်းကွန်း မြသိန်းတန်​စေတီ​တော်၏ စိန်ဖူး​တော်​မြေခခြင်းနှင့် အနည်းငယ်ထိခိုက်ပျက်စီးခြင်း၊ မင်းကွန်းပုထိုးတော်ရှိ ခြ​​င်္သေ့ရုပ်ကြီး ထိခိုက်ပျက်စီးခြင်း အစရှိသည်တို့ ဖြစ်ပွားခဲ့့​ကြောင်း စုံစမ်းသိရသည်။

“ကျွန်တော် အင်းဝကိုလိုက်ကြည့်နေတာ ဘုရားတွေ ထိခိုက်ပျက်စီးမှုက အများကြီး​တော့မဟုတ်ပါဘူး။ ဘုရား ​ခြောက်ဆူလောက် ရှိမယ်ထင်တယ်။ အများကြီးထိခိုက်မှုမရှိဘူး ဆို​ပေမယ့် အုတ်တွေပဲ့ထွက်တာ ရှိတယ်။ ဘုရားတဆူ ထီးတော်မြေခတယ်။ အရမ်းကြီး အများကြီးဖြစ်သွားတာ မဟုတ်ပါဘူး။ အခုမှ ကျွန်တော် လိုက်ကြည့်​နေတုန်း ရှိပါသေးတယ်။ မယ်နုအုတ်​ကျောင်း၊ ရတနာဆီမီးဘုရား၊ ဒေါ်ဂျမ်းအုပ်စုတို့ နည်းနည်းပျက်စီးခဲ့ပါတယ်။ ပျက်စီးမှုက ငါးရာခိုင်နူန်း ၁၀ ရာခိုင်နှုန်း လောက်ပေါ့။ ဘုရားအကြီးကြီးနဲ့ နှိုင်းယှဉ်ရင်ပေါ့။ ဘုရား​စေတီရဲ့ လုံးတော်ပြည့် ပြိုကျတာ ပျက်စီးတာမျိုးမရှိပါဘူး။ နည်းနည်းပါးပါး အပေါ်ပိုင်းတွေ မိုးအကပ်လေး​တွေ ထိခိုက်သွားတာမျိုး​ပေါ့။ မန္တလေးဘက်အခြမ်းလည်း ဘာမှဖြစ်တာ မရှိပါဘူး။ အခြား ပင်းယ​ဒေသဘက်လည်း ဘာမှမဖြစ်ပါဘူး။ အင်းဝ​ဒေသထဲမှာ နည်းနည်းဖြစ်တာပါ။ ကျွန်​တော်တို့ မြန်မာနိုင်ငံက ငလျင်ကြောရှိတဲ့နေရာဆိုတော့ ထိခိုက်မှုတွေက အနည်းနဲ့အများတော့ ရှိနေမှာပါ”ဟု မန္တလေးတိုင်းဒေသကြီး ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာနမှ ညွန်ကြားရေးမှူး ဒေါက်တာသန်းထိုက်က The Daily Eleven သတင်းစာသို့ ပြောကြားသည်။

ထို့ပြင် ၅ ဒသမ ၂ အဆင့်ရှိ အင်အား အသင့်အတင့်ရှိ ​မြေငလျင်လှုပ်ခတ်ခဲ့မှုကြောင့် ကမ္ဘာ့အမွေအနှစ် စာရင်းဝင် ပုဂံ​ဒေသရှိ ​စေတီပုထိုးများ ထိခိုက်ပျက်စီးမှု ရှိ၊မရှိကို ရှေးဟောင်းသုတေသနနှင့် အမျိုးသား ပြတိုက် ဦးစီးဌာန(ပုဂံဌာနခွဲ)မှ  ညွှန်ကြားရေးမှူး ဦးကျော်မျိုးဝင်းက “ကျွန်​တော်တို့ ပုဂံယဉ်ကျေးမှု အမွေအနှစ်ဒေသမှာတော့ ငလျင်လှုပ်ခတ်မှုနဲ့ ပတ်သက်ပြီး အခုအချိန်အထိလိုက်လံစစ်ဆေးခဲ့ပြီးပြီ။ ထိခိုက်ပျက်စီးမှု မရှိပါဘူး။ ကျွန်တော်တို့ဆီမှာ ငလျင်လှုပ်သွားခဲ့တာ​တောင် မသိဘူး။ ဘာ​ကြောင့်ဆို ဘုရားမှာရှိတဲ့ ညစောင့်တွေက မနက် ၃ နာရီဆိုရင် သူတို့က အိပ်ရာကနိုး​နေကြပြီ​လေ။ ကျွန်​တော် သူတို့ကို မေးကြည့်တော့ ငလျင်မလှုပ်ဘူးလို့ ပြောတယ်။  အင်တာနက်​တွေပေါ်မှာလည်း ပုဂံညောင်ဦး ဒေသခံ ပြည်သူတွေက ငလျင်နဲ့ပတ်သက်ပြီး တင်ထားတာမတွေ့ရဘူး။ ဘယ်လိုပဲဖြစ်ဖြစ် ကျွန်တော်တို့အ​နေနဲ့ မနက်မိုးမလင်းခင်ကတည်းက တောက်လျှောက်ဘုရားတွေကိုပတ်ပြီး စစ်ဆေးမှု​တွေ ပြုလုပ်ပါ တယ်”ဟု ပြောကြားသည်။

ငလျင်ကြောင့် မန္တလေးမြို့ ပြည်ကြီးတံခွန်မြို့နယ် ခန္တောတိုက် မဏိရတနာကျောင်းဝန်းအတွင်းရှိ ပတ္တမြားစေတီ၏ စိန်ဖူးတော် မြေခခဲ့ပြီး အခြား ထိခိုက်ပျက်စီးမှုများရှိ ကြောင်း သိရသည်။ “ကမ္ဘာ့ဖလား ဘောလုံးပွဲ ကြည့်နေတုန်း ဝုန်းဆိုပြီး အိမ်က လှုပ်ပြီးတော့ တုန်သွားတာ။ အစကတော့ အိမ်ပေါ်ကို တစ်ယောက် ယောက်များ ခုန်တက်လာတာလားလို့ထင်မိတာ။ နောက်မှ ဖုန်းကနေ ငလျင်သတ ိပေးချက် alert မြည်တာကြားမှ ငလျင်လှုပ်နေတာလို့ သိရတာ။ ငလျင်ကတော့ အတော်လေးပြင်းတယ်။ အိမ်ထဲက ပစ္စည်းတွေလည်းပြုတ်ကျကုန်တယ်”ဟု မန္တလေးမြို့ခံတစ်ဦးက ပြောကြားသည်။ လတ်တလော တွင် ငလျင်လှုပ်ခတ်မှုကြောင့် မန္တလေးမြို့ ပြည်ကြီးတံခွန်မြို့နယ်ရှိ ခန္တောတိုက် မဏိရတနာကျောင်းဝန်း အတွင်းရှိ ပတ္တမြားစေတီ၏ စိန်ဖူးတော်မြေခခြင်း၊ မူလ မဏိရတနာကျောင်းတော်ကြီး၏ မျက်နှာကျက်များ ပြိုကျခြင်းနှင့် အခြားထိခိုက်မှုများဖြစ်ပေါ်ခဲ့ရကြောင်း လူမှုကွန်ရက်စာမျက်နှာတွင် ရေးသားထားသည်ကို တွေ့ရသည်။

၂၀၂၂ ခုနှစ် ဒီဇင်ဘာ ၁၅ ရက် မြန်မာစံတော်ချိန် နံနက် ၃ နာရီ ၁၆ မိနစ်နှင့် ၃၅ စက္ကန့်တွင် မန္တလေးမြေငလျင်စခန်းမှ တောင် – အနောက်တောင်ဘက် (၁၅)မိုင်ခန့်အကွာ၊ မြန်မာနိုင်ငံပြည်တွင်း (တံတားဦးမြို့၏ အရှေ့ ဘက် (၄)မိုင်ခန့်အကွာ)၊ မြောက်လတ္တီတွဒ် (၂၁ ဒသမ ၈၁) ဒီဂရီ၊ အရှေ့ လောင်ဂျီတွဒ် (၉၆ ဒသမ ၀၃) ဒီဂရီ၊ အနက် (၆၃)ကီလိုမီတာကို ဗဟိုပြု၍ အင်အားရစ်(ခ်)တာစကေး ၅ ဒသမ ၂ အဆင့်ရှိ အင်အားအသင့်အတင့်ရှိသည့် မြေငလျင်တစ်ခုလှုပ်ရှားသွားသည်ကို တိုင်းထွာရရှိ​ကြောင်း မိုးလေဝသနှင့်ဇလ​ဗေဒ ညွှန်ကြားမှုဦးစီးဌာနက သတင်းထုတ်ပြန်ထားသည်။ ဒီဇင်ဘာ ၁၅ ရက် နံနက် ၃ နာရီ ၁၆ မိနစ်က တံတားဦးမြို့အ​ရှေ့ဘက် ​လေးမိုင်ခန့် အကွာကို ဗဟိုပြု၍ အင်အားရစ်ချ်တာစ​ကေး ၅ ဒသမ ၂ အဆင့်ရှိ ​မြေငလျင်တစ်ခုလှုပ်ခတ်ခဲ့မှုကို မန္တ​လေး၊ ပုသိမ်ကြီး၊ စစ်ကိုင်း၊ တံတားဦး၊ ပလိပ်၊ စဉ့်ကိုင် အစရှိသည့် မြို့များမှလည်း သိသာစွာခံစားခဲ့ရ​ကြောင်း သိရသည်။