လယ်ဝေးမြို့နယ်၌ ကွမ်းယာဆိုင်အနီးတွင် လက်လုပ်မိုင်းပေါက်ကွဲမှုများဖြစ်

လယ်ဝေးမြို့နယ်၊ဗောဓိကုန်းကျေးရွာ၏ ဗောဓိကုန်းမီးပွိုင့်အနီး ရန်ကုန်-မန္တလေးလမ်းဟောင်းရှိ ကွမ်းယာဆိုင်အနီး တွင် ဇွန် ၁၄ ရက် နံနက် ၉ နာရီ ၂၀ မိနစ်ခန့်က လက်လုပ်မိုင်း ပေါက်ကွဲမှုများ ဖြစ်ပွားခဲ့ကြောင်း သိရသည်။

ရန်ကုန်-မန္တလေးလမ်းဟောင်း၏ အရှေ့ဘက်ခြမ်းတွင် ဗောဓိကုန်းကျေးရွာနေ မငုဝါ(၃၀)နှစ် ရောင်းချသည့် ကွမ်းယာဆိုင်အနီး၌ လက်လုပ်မိုင်း ၁ လုံးပေါက်ကွဲခဲ့ခြင်းဖြစ်သည်။

ထိုသို့ ပေါက်ကွဲမှုကြောင့် လုံခြုံရေးအဖွဲ့ဝင်များက စစ်ဆေးရာ ပေါက်ကွဲအပိုင်းအစများအားတွေ့ရှိရပြီး ဖြစ်စဉ်အနီး ရပ်ထားသည့် နေပြည်တော် ယာဉ်ထိန်းရဲတပ်ဖွဲ့ အမှတ်(၇)တပ်ဖွဲ့စုမှ ရဲတပ်ကြပ်ကြီးကျော်မင်းဦး၏ Light Truck ကားရှေ့လေကာမှန်ပျက်စီးခဲ့ကာ ပေါက်ကွဲမှုကြောင့် လူထိခိုက်မှုမရှိကြောင်း သိရသည်။

အလားတူ ဖြစ်စဉ်နေရာအနီးရှိ ရန်ကုန်-မန္တလေးလမ်းဟောင်း၏ အနောက်ဘက်ခြမ်းမှ လက်လုပ်မိုင်း ၁ လုံး ထပ်မံပေါက်ကွဲခဲ့ကြောင်း သိရသည်။

အဆိုပါ ဖြစ်စဉ်တွင်လည်း လူထိခိုက်မှုမရှိကြောင်း သိရသည်။