မီတာခတိုးမြှင့်ကောက်ခံမည်ဆိုသည့်သတင်း အမှားသာဖြစ်ဟု YESC ကြေညာ

လာမည့် (ဇူလိုင် ၁ ရက်)မှစတင်၍ မီတာခများတိုးမြှင့်ကောက်ခံမည်ဆိုသော ထွက်ပေါ်နေသည့်သတင်းမှာ အမှားသာဖြစ်ကြောင်း ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်းက ဇွန် ၁၄ ရက် မွန်းလွဲပိုင်းက အသိပေးထုတ်ပြန်ထားသည်။

လူမှုကွန်ရက်စာမျက်နှာတွင် ပျံ့နှံ့နေသည့် မီတာခများ တိုးမြှင့်ကောက်ခံမည်ဆိုသည့်ထုတ်ပြန်ချက် မှာ ၂၀၁၉ ခုနှစ်က ထုတ်ပြန်ခဲ့သည့် ထုတ်ပြန်ချက်သာဖြစ်ကြောင်း YESC ၏ ကြေညာချက်တွင်ဖော်ပြထားသည်။

လျှပ်စစ်စွမ်းအားဝန်ကြီးဌာနမှ  ၂၀၁၉ ခုနှစ် ဇူလိုင် ၁ ရက်မှစ၍ ဓာတ်အားခနှုန်းထားများကို ပြင်ဆင်သတ်မှတ်ခဲ့ပြီး ယနေ့အချိန်ထိ အဆိုပါနှုန်းထားများအတိုင်း ကောက်ခံလျက်ရှိကြောင်း၊ လက်ရှိ ကောက်ခံလျက်ရှိသည့် ဓာတ်အားခနှုန်းထားများမှာ အဆိုပါနှုန်းထားများသာ ဖြစ်ပြီး ပြောင်းလဲမှုမရှိကြောင်း ကြေညာသည်။