ရခိုင်ပါတီသစ် ရွေးကောက်ပွဲ ကော်မရှင်တွင် မှတ်ပုံတင်

ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ် (ALD) ပါတီအမည်ဖြင့် တည်ထောင်မည့် ရခိုင်နိုင်ငံရေး ပါတီသစ်ကို တည်ထောင်သူ ၂၀ ဦးဖြင့်  ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်ရုံးတွင် ပါတီမှတ်ပုံတင် ခွင့် လျှောက်ထားခဲ့ကြောင်း ယင်းပါတီ တည်ထောင်သူများထံမှ သိရသည်။

ယင်းပါတီသစ်သည် ဒေါက်တာအေးမောင် ဦးဆောင်သည့် ရခိုင်အမျိုးသားပါတီ (ANP) မှ ထုတ်ပယ်ခံထားရ သူများဖြင့် ဖွဲ့စည်းတည်ထောင်ခဲ့ခြင်းဖြစ်သည်။

ယင်းပါတီသစ်၏ ပါတီတွင်း ဗဟိုကော်မတီနှင့် ဗဟိုအလုပ်အမှုဆောင်များ ရွေးချယ်ပွဲကို ယခုလအတွင်း ကျင်းပ ရန် စီစဉ်ထားပြီး ပါတီအမှတ်တံဆိပ်ကို  ၁၉၈၈ ခုနှစ်က အသုံးပြုခဲ့သည့် ပါတီအမှတ်အသားတံဆိပ်ကို ပြန်လည် အသုံးပြုရန် စီစဉ်ထားသည်ဟု ALD ပါတီတည်ထောင်ရာတွင် ပါဝင်သူ ဦးမျိုးဆွေကပြောသည်။

“ကျွန်တော်တို့ပါတီက ၈၈ တည်းက နိုင်ငံရေး လုပ်လာတဲ့သူတွေနဲ့ ဖွဲ့ထားတဲ့ပါတီ ဖြစ်တယ်။ ကျွန်တော်တို့အနေနဲ့ ပါတီတစ်ခုအနေနဲ့ ရပ်တည်ဖို့က ဖွဲ့စည်းဖို့လိုတယ်။ ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ် နာမည်ကိုပဲယူပြီးတော့ ပါတီပြန် အသက်သွင်းဖို့ ဆုံးဖြတ်ခဲ့တယ်။ နဂို (ALD) ထဲက အဖွဲ့ဝင်တွေပါပဲ၊ အများစုပါတယ်၊ မူလကပါခဲ့တဲ့ ဗဟို အဖွဲ့ဝင်တွေ ပါတယ်၊ ကျွန်တော်တို့ပါတီက ရခိုင်လူမျိုးတွေရဲ့ ကံကြမ္မာကို ကိုယ်တိုင် ဖန်တီးနိုင်ဖို့ ရည်ရွယ်ထားတဲ့ ပါတီပါ”ဟု ၎င်းကပြောသည်။

လက်ရှိတွင် ပါတီ၏နာယက နေရာကို အမျိုးသားလွှတ်တော် ဒုတိယဥက္ကဋ္ဌ ဦးအေးသာအောင်ကို ခန့်အပ်ရန် မျှော်မှန်းထားပြီး ရခိုင်ပြည်နယ်အတွင်းရှိ မြို့နယ် ၁၇ မြို့နယ်မှ ဦးဆောင်ကော်မတီဝင် ၅၀ ဦးနှင့် ပါတီ တည်ထောင်လိုသူ ဦးရေ ၂၀ ဦး စုစုပေါင်း ၇၀ ဦးခန့်ရှိပြီး ထပ်မံ ဖိတ်ခေါ်ရန် စီစဉ်နေသည်ဟု ၎င်းက ဆက်လက်ပြောသည်။

ပါတီတည်ထောင်လိုသူ တာဝန်ခံ ဦးမျိုးဆွေ အမည်စာရင်းတင်ထားပြီး ယခင်က ALD ပါတီတွင် ပါဝင်ခဲ့ကြသူ များဖြစ်သည့် ဦးကျော်မြင့်၊ ဦးလှမြင့်၊ ဦးသန်းနိုင်မြင့်၊ ဒေါ်တင်မေအောင်၊ ဒေါ်မြမေ၊ ရခိုင်ပြည်နယ်တောင်ပိုင်း၊ မြောက်ပိုင်းနှင့် အလယ်ပိုင်းမှ လူငယ်တာဝန်ခံများ အပါအဝင် အမျိုးသမီးများ ပါဝင်သွားမည်ဖြစ်ကြောင်း ယင်း ပါတီထံမှ သိရသည်။

ရခိုင် ဒီမိုကရေစီအဖွဲ့ချုပ် (ALD) ပါတီသည် ယခင်က ယင်းအမည်ဖြင့် ပါတီတည်ထောင်ခဲ့ဖူးပြီး ၂၀၁၅ ခုနှစ် အထွေထွေ ရွေးကောက်ပွဲမတိုင်မီ ၂၀၁၄ ခုနှစ် ဇန်နဝါရီ လ ၁၃ ရက်တွင် ရခိုင်တိုင်းရင်းသားများ ဖွံ့ဖြိုး တိုးတက်ရေးပါတီ (RNDP) နှင့် ပေါင်းစည်းကာ ရခိုင်အမျိုးသားပါတီ (ANP)အဖြစ် မှတ်ပုံတင်ခဲ့သည့် ပါတီ ဖြစ်သည်။

ယခုတစ်ခါ ပြန်လည် ဖွဲ့စည်းတည် ထောင်ရန် စီစဉ်နေသည့် ALD ပါတီတွင် ယခင် ANP ပါတီဟောင်းများ ပြန်လည်ပါဝင်သွားမည်ဖြစ်သည်။ # The Voice