တပ်တွင်းစည်းလုံးညီညွတ်မှုပြိုကွဲစေရန်နှင့် တပ်မတော်အင်အားချည့်နဲ့စေရန် နိုင်ငံကြီးအချို့က နည်းမျိုးစုံဖြင့် ကြိုးပမ်းဆောင်ရွက်နေဟု ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ပြောကြား

တပ်တွင်းစည်းလုံးညီညွတ်မှုပြိုကွဲစေရန်နှင့် တပ်မတော်အင်အားချည့်နဲ့စေရန် နိုင်ငံကြီးအချို့က နည်း မျိုးစုံဖြင့် ကြိုးပမ်းဆောင်ရွက်နေကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဒုတိယဥက္ကဋ္ဌ ဒုတိယ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်းက ပြောကြားသည်။ ဒီဇင်ဘာ ၁၂ ရက်က ပြင်ဦးလွင်မြို့ တပ်မတော်နည်းပညာတက္ကသိုလ် စစ်ရေးပြကွင်း၌ ကျင်းပသည့် တပ်မတော်နည်းပညာတက္ကသိုလ် ဗိုလ်လောင်းသင်တန်းအမှတ်စဉ်(၂၄) သင်တန်းဆင်း ဂုဏ်ပြု စစ်ရေးပြအခမ်းအနားတွင် မိန့်ခွန်းပြောကြားရာ၌ ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်းက အထက်ပါ အတိုင်း ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။ အဆိုပါစစ်ရေးပြအခမ်းအနားတွင် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းက တပ်မတော်၏ အဓိကလုပ်ငန်းတာဝန်သည် နိုင်ငံတော် ကာကွယ်ရေးဖြစ်ပြီး စစ်ရေးစွမ်းရည်၊ စည်းရုံးရေးစွမ်းရည်နှင့် အုပ်ချုပ်ရေးစွမ်းရည်များ အစဉ်ထက်မြက်နေအောင်လည်း လေ့ကျင့်ဆောင်ရွက် နေကြရမည်ဖြစ်ကြောင်း၊ တာဝန်ထမ်းဆောင်မှုနှင့်ပတ်သက်ပြီး စစ်သည်တော်ကျင့်ဝတ်များနှင့်အညီ နေထိုင်ကျင့်ကြံပြီး ထုတ်ပြန်ထားသည့် အမိန့်နှင့်ညွှန်ကြားချက်များ၊ မူဝါဒများကို တိကျစွာလိုက်နာ ဆောင်ရွက်သွားကြရမည်ဖြစ်ကြောင်း၊ တပ်တွင်းစည်းလုံးညီညွတ်ရေးသည် တပ်မတော်အတွက် အရေးကြီးပြီး တပ်ဖွဲ့များ အချင်းချင်း၊ မိသားစုဝင်များအချင်းချင်း စည်းလုံးညီညွတ်မှုရှိနေပါက မည်သူ တစ်ဦးတစ်ယောက်ကမျှ ဖြိုခွဲလို့ရနိုင်မည်မဟုတ်ကြောင်း ပြောကြားသည်။ ယနေ့အချိန်အခါတွင် တပ်တွင်းစည်းလုံးညီညွတ်မှုပြိုကွဲစေရန်နှင့် တပ်မတော်အင်အားချည့်နဲ့စေရန် နိုင်ငံကြီးအချို့အပါအဝင် တိုင်းပြည်၏ သစ္စာဖောက်လောက်ကောင်များက နည်းမျိုးစုံကြိုးပမ်းဆောင်ရွက်နေသဖြင့် အဆင့်လိုက် ခေါင်းဆောင်များအနေနှင့် စစ်စည်းကမ်း၊ အုပ်ချုပ်မှုဆိုင်ရာ အမိန့်နှင့်ညွှန်ကြားချက်များအပြင် တပ်မတော် (ကြည်း၊ရေ၊လေ) လုပ်ငန်းလမ်းညွှန်ပါ ကျင့်ဝတ်အပါး ၆၀ ကိုလည်း တိကျမှန်ကန်စွာ လိုက်နာ အကောင်အထည်ဖော် ဆောင်ရွက်သွားမှသာလျှင် တပ်တွင်းစည်းလုံးညီညွတ်မှုကို ခိုင်မာသည်ထက် ခိုင်မာအောင် တည်ဆောက်နိုင်မည်ဖြစ်ကြောင်း ၎င်းက ပြောကြားသည်။ တပ်တွင်းစည်းလုံးညီညွတ်ရေး ခိုင်မာရန်သာမက တပ်မတော်သားများသည် မိဘပြည်သူများနှင့်လည်း ရေကိုသားလို့အကြား မထင်သလို လက်ရည်တစ်ပြင်တည်း စည်းလုံးညီညွတ်မှု ခိုင်မာရန်လည်း အရေးကြီးကြောင်း၊ တပ်မတော်သည် ပြည်သူကြားက ပေါက်ဖွားလာသည့် တိုင်းရင်းသားပေါင်းစုံနှင့် ဖွဲ့စည်းထားသည့် တစ်ခုတည်းသော တပ်မတော်ဖြစ်သည်နှင့်အညီ ပြည်သူလူထု၏ အသက်အိုးအိမ်စည်းစိမ်ကို ကာကွယ်စောင့်ရှောက် ပေးရမည်ဖြစ်သည့်အပြင် ပြည်သူတွေ၏ နေ့စဉ်လူမှုဘဝ လုံခြုံရေးကိုလည်း ဘက်ပေါင်းစုံက တတ်နိုင် သမျှ ကူညီဆောင်ရွက်ပေးရမည်ဖြစ်ကြောင်း ၎င်းက ဆိုသည်။ တပ်မတော်သည် စနစ်တကျဖွဲ့စည်း ထားပြီး မြဲသုံးမြဲ အမြဲအသင့်ရှိသည့် အဖွဲ့အစည်းဖြစ်သည်နှင့်အညီ ပြည်သူလူထုအပေါ် မမျှော်မှန်း နိုင်သည့် သဘာဝဘေးအန္တရာယ်များ ကျရောက်ခဲ့လျှင်လည်း လူသားချင်းစာနာထောက်ကူမှုနှင့် သဘာဝဘေး ဒုက္ခကယ်ဆယ်ရေးလုပ်ငန်းများကို နိုင်ငံတော်ဝန်ကြီးချုပ်၏ “လူ့အသက်ထက် အရေးကြီး တာ ဘာမှမရှိ” ဆိုသည့်အတိုင်း အမိန့်စောင့်ရန်မလိုဘဲ အချိန်နှင့်တစ်ပြေးညီ ကူညီဆောင်ရွက်ပေးခြင်း ဖြင့်လည်း မိဘပြည်သူများအနေနှင့် တပ်မတော်သားများအပေါ် ယုံကြည်အားကိုးအလေးထားမှုပိုမိုရရှိကာ စစ်ဘက်/အရပ်ဘက် ပူးပေါင်းဆောင်ရွက်နိုင်မှု တိုးတက်ကောင်းမွန်ပြီး နိုင်ငံ၏ ရေရှည်ဘက်စုံဖွံ့ဖြိုး တိုးတက်ရေး တည်ဆောက်ရာတွင် တစ်စည်းတစ်လုံးတည်း လက်တွဲညီညာစွာဖြင့် အောင်မြင်အောင် ဆောင်ရွက်သွားနိုင်မည်ဖြစ်ကြောင်း ၎င်းကဆိုသည်။ သမားရိုးကျစစ်ဆင်ရေးများကို အဆင့်မီ ဆင်နွှဲနိုင်စွမ်းရှိသည့် ခေတ်မီတပ်မတော်တစ်ရပ် (Standard Army) တည်ဆောက်ရာတွင် အင်ဂျင်နီယာ များ၏ အခန်းကဏ္ဍသည် အရေးကြီးသဖြင့် ခေတ်နှင့်အညီ တိုးတက်ပြောင်းလဲနေသည့် နည်းပညာရပ် များကို မျက်ခြည်မပြတ်ကြိုးစား လေ့လာသင်ယူကြရန်၊ မိမိတို့တာဝန်ထမ်းဆောင်ရသည့် သက်ဆိုင်ရာ လုပ်ငန်းနယ်ပယ်အလိုက် ကျွမ်းကျင်အောင် ဆက်လက်လေ့လာ ဆည်းပူးပြီး ‘လေ့လာ၊ လေ့ကျင့်၊ လိုက်နာ’ ဆိုသည့် တပ်မတော်၏ လမ်းညွှန်ဆောင်ပုဒ်နှင့်အညီ စဉ်ဆက်မပြတ် ကြိုးစားဆောင်ရွက်ပြီး တပ်မတော်၏ တိုက်စွမ်းရည်၊ တိုက်စွမ်းအားမြှင့်တင်နိုင်ရေး ကြိုးပမ်းလုပ်ဆောင်သွားကြရန် ၎င်းက ပြောကြားသည်။

အဆိုပါအခမ်းအနားသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဒုတိယဥက္ကဋ္ဌ ဒုတိယတပ်မတော်ကာကွယ်ရေး ဦးစီးချုပ်နှင့် အတူ ဇနီးဒေါ်သန်းသန်းနွယ်၊ ညှိနှိုင်းကွပ်ကဲရေးမှူး (ကြည်း၊ရေ၊လေ) ဗိုလ်ချုပ်ကြီး မောင်မောင်အေးနှင့် ဇနီး၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ တပ်မတော်အရာရှိကြီးများနှင့် ဇနီးများ၊ မန္တလေး တိုင်းဒေသကြီးဝန်ကြီးချုပ်၊ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမှူး၊ တပ်မတော်နည်းပညာတက္ကသိုလ် ကျောင်းအုပ်ကြီး၊ ပြင်ဦးလွင်တပ်နယ်မှ တာဝန်ရှိသူများ၊ ကျောင်းဆင်းဗိုလ်လောင်းများ၏ မိဘအုပ်ထိန်း သူများဖြစ်သည့် တပ်မတော်နည်းပညာတက္ကသိုလ်၊ စာပေဌာနနှင့်လေ့ကျင့်ရေးဌာနတို့မှ နည်းပြအရာရှိများ နှင့် ဆရာ၊ ဆရာမများ၊ ဖိတ်ကြားထားသည့် ဧည့်သည့်တော်များ တက်ရောက်ခဲ့ကြောင်း သတင်းရရှိသည်။