ရေကာတာ စီမံကိန်းများကို တိုင်းရင်းသားများ သဘောမတူဘဲ လုပ်ပါက ငြိမ်းချမ်းရေးနှင့် ဝေးသွားမည်ကို စိုးရိမ်ဟု ဦးခွန်ထွန်းဦးပြော

14509202_1247889848568496_1946089081_n

သံလွင်မြစ်ပေါ်တွင် တည်ဆောက်မည့် ရေကာတာစီမံကိန်းများကို တိုင်းရင်းသားများ၏ ဆုံးဖြတ်ချက်၊ သဘော တူညီချက်မပါဘဲ လုပ်ဆောင်မည်ဆိုပါက ငြိမ်းချမ်း ရေး၊ အမျိုးသား ရင်ကြားစေ့ရေးနှင့် အလှမ်းဝေးသွားမည်ကို စိုးရိမ်ကြောင်း ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးခွန်ထွန်းဦးက ပြောသည်။

ရှမ်းပြည်နယ် အတွင်းရှိ မြစ်ချောင်းများအတွက် လှုပ်ရှားမှုအဖွဲ့မှ စက်တင်ဘာလ ၂၈ ရက်၊ ရန်ကုန်မြို့၊ ပုဇွန်တောင်မြို့ နယ်ရှိ အော်ခစ်ဟိုတယ်တွင် ရှမ်းပြည်နယ် အတွင်းရှိ သံလွင်မြစ်တွင် တည်ဆောက်မည့် ရေကာတာစီမံကိန်းများကြောင့် “ကျွန်းတစ်ထောင် ရေလွှမ်းတော့မည်” မှတ်တမ်းရုပ်ရှင်နှင့် ပတ်သက်၍ ပြုလုပ် သည့် သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့ခြင်း ဖြစ်သည်။

“ကျွန်တော်တို့ ပြည်ထောင်စုကြီးဟာ တိုင်းရင်းသားတွေ ပိုင်ဆိုင်တဲ့ ပြည်ထောင်စုကြီးပါ။ ဒီလိုပိုင်ဆိုင်တာကြောင့် တိုင်းရင်းသားတွေရဲ့ သဘောထား၊ တိုင်းရင်းသား တွေရဲ့ဆန္ဒမပါဘဲနဲ့ ရေကာတာ တည်ဆောက်ဖို့ကို ကျွန်တော် တို့အနေနဲ့ကတော့ ကန့်ကွက်လိုတယ်။ ဆက်လုပ်မှုတွေရှိနေသမျှ ကန့်ကွက်မှုတွေကလည်း ရှိလာဦး မှာပါ “ဟု ဦးခွန်ထွန်းဦးက ဆိုသည်။

ရှမ်းပြည်နယ် မြောက်ပိုင်း လားရှိုးနှင့် ဟိုပန်မြို့နယ်အကြားရှိ သံလွင်မြစ်ပေါ်တွင် နောင်ဖရေကာတာ (၁၂ဝဝ) မီဂါဝပ်ကို အစိုးရက တည်ဆောက်ရန် လျာထားခြင်း ဖြစ်ပြီး ၂ဝ၁၅ ခုနှစ်တွင် သြစတေးလီးယားနိုင်ငံ စနိုးဝီးတောင် အင်ဂျင်နီယာကော်ပိုရေးရှင်း (SMEC) မှ နောင်ဖရေကာတာ တည်ဆောက်နိုင်ရန်အတွက် သဘာဝပတ်ဝန်းကျင် နှင့် လူမှုရေးဆန်းစစ်သည့်လုပ်ငန်း (EIA/SIA) ကို စတင်ခဲ့သည်။

“အခုချိန်မှာဆိုလို့ရှိရင် ကျွန်မတို့ မဲဆန္ဒနယ်အတွက် EIA/ SIA (သဘာဝပတ်ဝန်းကျင်နှင့် လူမှုရေးထိခိုက်မှု ဆန်းစစ်သည့်လုပ်ငန်း) လုပ်ဖို့အတွက်ကို လုံးဝကန့်ကွက် ထားပါတယ်။ ကန့်ကွက်ထားတဲ့ အကြောင်းရင်းက ဒီရေကာတာဆောက်ဖို့ကို ကန့်ကွက်တာကြောင့်ပါပဲ။ ဒါပေမယ့် လုပ်ဆောင်ရမယ့်အပိုင်းမှာ ကျွန်မတို့က ရှမ်း ပြည်နယ်မှာကျတော့ SNLD ပါတီ ကိုယ်စားလှယ်အနေနဲ့ ရှမ်းပြည်နယ်လွှတ်တော်မှာ တင်သွင်းခဲ့ပါတယ်။ ဒါပေမယ့် ပြည်ထောင်စုလွှတ်တော်မှာကျတော့ ဘာမှလှုပ်ရှားမှုတော့ မရှိသေးပါဘူး”ဟု ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် ကွန်ဟိန်းမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်နန်းခင်စောက ပြောသည်။

၂ဝ၁၅ခုနှစ် သြဂုတ်လ ၅ ရက်နေ့တွင် SNLD တန့်ယန်း လွှတ်တော်ကိုယ်စားလှယ် အပါအဝင် တန့်ယန်းကျေးရွာ အုပ်စု ၉ စုမှ လူဦးရေ ၂၅၊ ခန့် ရေကာတာကို ဆန့်ကျင်ကြောင်းဆန္ဒပြခဲ့ပြီး သြဂုတ်လ ၂၁ ရက်တွင်လည်း ဟိုပန်၊ ကွမ်းလုံ၊ တန့်ယန်း၊ လားရှိုး၊ သိန္ဒီမှ လူထု ၆ဝခန့်နှင့် အတူ SNLD လွှတ်တော်ကိုယ်စားလှယ် ၃ ဦးတို့က နောင်ဖ ရေကာတာဆန့်ကျင်ရေးဆန္ဒပြခဲ့ကြောင်း ရှမ်းလူထုအခြေပြုအဖွဲ့အစည်းများထုတ်ပြန်ချက်မှသိရှိရသည်။ # Mizzima


Leave a Reply