လှိုင်သာယာမြို့နယ်ရှိ စက်မှုဇုန်(၂)တွင် Level 2 အဆင့်မီးလောင်မှုဖြစ်ပွား

ရန်ကုန်တိုင်း၊လှိုင်သာယာမြို့နယ်၊စက်မှုဇုန်(၂)၊ ဆိပ်ကမ်းသာလမ်းတွင် သြဂုတ် ၁၀ ရက်(ယနေ့)နံနက် ၆ နာရီ ၂၇ မိနစ်က Level 2 အဆင့်မီးလောင်မှုဖြစ်ပွားခဲ့ကြောင်း မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့ဌာနချုပ်မှ သိရသည်။မီးလောင်မှုဖြစ်ပွားရာသို့ မီးသတ်တပ်ဖွဲ့ဝင်များ၊လူမှုကူညီရေးအသင်းများနှင့်အနီးပတ်ဝန်းကျင်နေသူများက Level 1 အဆင့်ဖြင့် ဝိုင်းဝန်းငြိမ်းသတ်ခဲ့ကြသည်။

ထိုသို့ ငြိမ်းသတ်ခဲ့သော်လည်း မီးငြိမ်းခြင်းမရှိသဖြင့် နံနက် ၆ နာရီ ၄၄ မိနစ်၌ Level 2 အဆင့်မီးသတ်ကားများဖြင့် ထပ်မံငြိမ်းသတ်ခဲ့ကြသဖြင့် နံနက် ၇ နာရီ ၂၅ မိနစ်တွင် မီးထိန်းနိုင်ခဲ့ပြီး နံနက် ၇ နာရီ ၅၈ မိနစ်၌ မီးငြိမ်းသွားခဲ့ကြောင်း သိရသည်။ “ထိခိုက်ဒဏ်ရာရတာတော့မရှိပါဘူး မီးခိုးမွှန်တာလောက်ပဲရှိပါတယ် အလုံးစုံမီးငြိမ်းသွားပါပြီ ဘယ်လိုကစလောင်တယ် ဆိုတာတော့ စစ်ဆေးနေပါတယ်”ဟု လှိုင်သာယာမြို့နယ် အခြေစိုက် လူမှုကူညီရေး အသင်းဝင် တစ်ဦးက ပြောသည်။ မီးလောင်မှုဖြစ်ပွားရသည့်အကြောင်းရင်းနှင့် ပျက်စီးဆုံးရှုံးမှုတန်ဖိုးအား မီးသတ်တပ်ဖွဲ့တာဝန်ရှိသူများက စစ်ဆေးတွက်ချက်လျက်ရှိကြောင်း သိရသည်။