ဘိုင်ဒင်-ရှီ တွေ့ဆုံမှုနှင့် အမေရိကန်-တရုတ် ဆက်ဆံရေး

အင်ဒိုနီးရှားနိုင်ငံ ဘာလီကျွန်းတွင်ပြုလုပ်ခဲ့သည့် စက်မှုထိပ်သီး နိုင်ငံ ၂၀ အစည်းအဝေးမတိုင်မီ နိုဝင်ဘာ ၁၄ ရက်က အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်နှင့် တရုတ်သမ္မတ ရှီကျင်းပင်တို့သည် ကာလကြာ ရှည်စောင့်ဆိုင်းခဲ့ရသည့် ၎င်းတို့၏ အစည်းအဝေးကို ပြုလုပ်ခဲ့သည်။ တရုတ်၏ ကာလကြာရှည် ကိုဗစ်ကင်းစင်မူဝါကြောင့် ကမ္ဘာ့စူပါ ပါဝါနှစ်နိုင်ငံမှ ခေါင်းဆောင်နှစ်ဦးသည် ၂၀၂၁ ခုနှစ် ဇန်နဝါရီလက အမေရိကန်သမ္မတအဖြစ် ဘိုင်ဒင် စတင်တာဝန်ယူခဲ့ပြီး နောက်ပိုင်း ပထမဆုံးအကြိမ် လူချင်းတွေ့ဆုံမှု ဖြစ်ခဲ့သည်။

ရှီ၏ခရီးစဉ်သည် ကွန်မြူနစ် ပါတီညီလာခံတွင် တတိယသက်တမ်းကိုရရှိခဲ့ပြီးနောက်ပိုင်း ပထမဆုံး ပြည်ပခရီးစဉ် ဖြစ်သည်။ ဂျီ ၂၀ အစည်းအဝေးတွင် ဘိုင်ဒင်နှင့် ရှီတို့၏ သုံးနာရီကျော်ကြာ သီးသန့်တွေ့ဆုံမှုသည် နှစ်ဦးစလုံး အတွက် အားမာန်ပါသည့်အနေအထားများဖြင့် တွေ့ဆုံခဲ့ခြင်းဖြစ် သည်။ ရှီသည် ပြီးခဲ့သည့်လက ပြုလုပ်ခဲ့သည့် ကွန်မြူနစ်ပါတီညီလာခံတွင် တတိယသက်တမ်းကို ရရှိခဲ့သကဲ့သို့ ဘိုင်ဒင်သည်လည်း အမေရိကန် သက်တမ်းဝက် ရွေးကောက်ပွဲများတွင် အထက်လွှတ်တော်ကို ၎င်း၏ ဒီမိုကရက်တစ်ပါတီက အနိုင်ယူပြီး ထိန်းချုပ်နိုင်ခဲ့ခြင်း ကြောင့်ဖြစ်သည်။

ခေါင်းဆောင်နှစ်ဦးလုံး၏ ခိုင်မာသည့် နိုင်ငံရေးအနေအထားများကြောင်း ၎င်းတို့သည် အဓိကအရေး ကိစ္စများအပေါ် ဆွေးနွေးညှိနှိုင်းမှုများတွင် အဆင်ပြေခဲ့ပုံပေါ်သော်လည်း ၎င်းတို့၏ အဓိကအကျိုးစီးပွား များနှင့်ပတ်သက်ပြီး အလျှော့မပေးသည့် ရပ်တည်ချက်ကို ပြသခဲ့ကြသည်။ အမေရိကန်နှင့် တရုတ်သည် မတူကွဲပြားမှုများကို စီမံကိုင်တွယ် နိုင်ပြီး ပဋိပက္ခဖြစ်မည့်အခြေအနေကို တားဆီးနိုင်ကြောင်း ပြသရန်အတွက် တာဝန်ယူမှုကို မျှဝေထား သည်ဟု ဘိုင်ဒင်က ဆွေးနွေးပွဲ၏ အဖွင့်မှတ်ချက်စကားတွင် ပြောကြားခဲ့သည်။

ရှီကလည်း လက်ရှိ နှစ်နိုင်ငံဆက်ဆံရေးသည် မိမိတို့နှစ်နိုင်ငံလုံးနှင့် ပြည်သူများ၏ အခြေခံကျသည့် အကျိုးစီးပွား များထဲတွင်မရှိဘဲ ယင်းအခြေအနေသည် နိုင်ငံတကာအသိုင်းအဝိုင်းက မိမိတို့ထံမှ မျှော်လင့်မထားသည့် အခြေအနေ ဖြစ်သည်ဟု တုံ့ပြန်ပြောကြားခဲ့သည်။ ၎င်းတို့နှစ်ဦး၏ တွေ့ဆုံမှုတွင် သတိပြုဖွယ် ရလဒ်တစ်ခုမှာ တရုတ်သည် နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်မှုများကို ဆန့်ကျင်ခဲ့သည့် ၎င်းင်း၏ သဘောထားတင်းမာသည့် ရပ်တည်ချက်ကို ဖြေလျှော့ခဲ့ဖွယ်ရှိသည်။ သြဂုတ်လအစောပိုင်းက အမေရိကန်အောက်လွှတ်တော်ဥက္ကဋ္ဌ နန်စီပယ်လိုစီ၏ ထိုင်ဝမ် ခရီးစဉ်ကို တုံ့ပြန်သည့်အနေဖြင့် တရုတ်သည် ရာသီဥတုအရေးမှစပြီး တရားမဝင်မူးယစ်ဆေးဝါးများ တိုက်ဖျက်ရေး အထိ အမေရိကန်နှင့် ပူးပေါင်းဆောင်ရွက်သည့် ဆွေးနွေးပွဲရှစ်ခုကို ဆိုင်းငံ့ကြောင်း ကြေညာခဲ့သည်။

လက်ရှိတွင် ယင်းဆွေးနွေးပွဲများအတွက် ဆက်သွယ်ရေးလမ်းကြောင်းများကို ပြန်ဖွင့်ခဲ့ပြီဟု ဘိုင်ဒင်နှင့် ရှီတို့၏ အစည်းအဝေးအပြီးတွင် နှစ်နိုင်ငံအစိုးရက ထုတ်ပြန်ခဲ့သည်။ ထို့ပြင် နှစ်နိုင်ငံလုံးသည် ၎င်းတို့၏ အဓိကအရေးကိစ္စ များတွင် ပူးပေါင်းဆောင်ရွက်မှုများကို အလေးထားလုပ်ဆောင်ရန် ရွေးချယ်ခဲ့ကြသည်ဟု တရုတ်နိုင်ငံခြားရေး ဝန်ကြီးဌာနက မက်ခရိုစီးပွားရးမူဝါဒများနှင့် ကုန်သွယ်ရေးကဏ္ဍများကို အဓိကထားဖော်ပြခဲ့ကာ အမေရိကန်ကမူ ရာသီဥတုအရေးနှင့် ကမ္ဘာလုံးဆိုင်ရာ တည်ငြိမ်ရေးတို့ကို အသားပေးဖော်ပြခဲ့သည်။

ယူကရိန်းစစ်ပွဲနှင့်ပတ်သက်ပြီး အမေရိကန်နှင့် တရုတ်အကြား တူညီသည့် အမြင်အချို့ရှိခဲ့ပြီး နှစ်နိုင်ငံလုံးက နျူကလီးယားလက်နက်အသုံးပြုမှုကို ဆန့်ကျင်ခဲ့ကြသည်။ သို့သော်လည်း ထိုင်ဝမ်အရေးသည် တရုတ်-အမေရိကန် ဆက်ဆံရေး၏ အဓိကအရေးကိစ္စတစ်ခုဖြစ်ခဲ့ပြီး ရှီသည် ထိုင်ဝမ်အရေးနှင့်ပတ်သက်ပြီး တရုတ်၏ တင်းမာသည့် ရပ်တည်ချက်ကို အလျှော့မပေးခဲ့ဘဲ  ထိုင်ဝမ်အရေးသည် တရုတ်၏ အဓိက ကိုယ်ကျိုးစီးပွားများထဲမှ အဓိက အကျဆုံး ကိုယ်ကျိုးစီးပွားတစ်ခု ဖြစ်ကာ တရုတ်-အမေရိကန်ဆက်ဆံရေးတွင် မကျော်လွှားနိုင်သည့် စည်းတစ်ခုဖြစ် ကြောင်း ဘိုင်ဒင်ကို ပြောကြားခဲ့သည်။

ထို့ကြောင့် ဘိုင်ဒင်နှင့် ရှီတို့၏ အစည်းအဝေးသည် နှစ်နိုင်ငံစလုံးအတွက် ရာသီဥတုအရေးနှင့် ကုန်သွယ်ရေးကဲ့သို့ နယ်ပယ်အချို့တွင် ဆက်ဆံရေးပျော့ပျောင်းလာခဲ့သည်ကို မြင်တွေ့ခဲ့ရပြီး ယင်းအခြေအနေသည် မည်မျှကြာရှည် စွာရှိနေမည်ဆိုခြင်းကို စောင့်ကြည့်ရမည်ဖြစ်သည်။