တောင်ကိုရီးယားတွင် THAAD ဒုံးခွင်းဒုံးစနစ် ဖြန့်ကျက် တပ်ဆင်မှု အပြီးသတ်

တောင်ကိုရီးယားတွင် THAAD ဒုံးခွင်းဒုံး စနစ်ကို အပြည့်အဝ တပ်ဆင် ဖြန့်ကျက်ခဲ့ပြီးဖြစ်ကြောင်း သိရှိရသည်။

ကောင်းကင်အမြင့်တွင် ပျံသန်းလာသည့် တိုက်ချင်းပစ် ဒုံးကျည်များနှင့် လေယာဉ်များကို ခြေရာခံ ထောက်လှမ်း ပစ်ချနိုင်သည့် အဆိုပါ အမေရိကန် လက်နက်စနစ်ကို ငါးလကြာ နှောင့်နှေးမှုများအပြီးတွင် အောင်မြင်စွာ တပ်ဆင်နိုင်ခဲ့ခြင်း ဖြစ်သည်။

ပြီးခဲ့သည့်နှစ် ဇူလိုင်လက တောင်ကိုရီးယားတွင် THAAD ဒုံးခွင်းဒုံးစနစ် ဖြန့်ကျက်မည့် အစီအစဉ်ကို စတင် ကြေညာခဲ့သော်လည်း ဆောင်ဂျူ၊ မြောက်ပိုင်း ဂွမ်ဆန်တို့တွင် ဒုံးကျည်ပစ်စင်များ တည်ဆောက်ရေး ကြန့်ကြာနေခဲ့သည်။ ယခုသီတင်းပတ်တွင်မူ THAAD စနစ်အတွက် လိုအပ်သည့် ဒုံးကျည်ပစ်စင် ခြောက်ခုနှင့် ရေဒါအထိုင်စခန်း ထားရှိမှုအားလုံး ပြီးပြည့်စုံသွားပြီဟု သိရသည်။

THAAD ဒုံးကျည်ပစ်စင်များ ဖြန့်ကျက်မှုနှင့် ပတ်သက်၍ ဒေသခံများက ကန့်ကွက် ဆန္ဒပြမှုများ ရှိခဲ့ပြီး ရဲများက လူစုခွဲရန် ကြိုးစားခဲ့ရသည်။ ထိုဖြစ်ရပ်များကြောင့် ဒဏ်ရာ အနည်းအကျဉ်း ရရှိသူများ ရှိခဲ့ပြီး ရဲတပ်ဖွဲ့ဝင် အချို့လည်း ဆေးရုံတွင် ကုသမှု ခံယူခဲ့ရသည်။

THAADတွင် တပ်ဆင်ထားသည့် ရေဒါစနစ်မှာ အလွန်အားကောင်းပြီး တရုတ်နိုင်ငံအတွင်းရှိ စစ်ရေးလှုပ်ရှားမှု များကိုပါ ထောက်လှမ်းနိုင်စွမ်း ရှိနေသောကြောင့် တရုတ်အစိုးရက ပြင်းပြင်းထန်ထန် ကန့်ကွက်ခဲ့သေးသည်။ တောင်ကိုရီးယားနှင့် အမေရိကန်တို့ကမူ အဆိုပါ ဒုံးခွင်းဒုံး စနစ်သည် မြောက်ကိုရီးယား ဒုံးကျည်များ၏ အန္တရာယ်ကို ကာကွယ်ရန်သာ အဓိက ရည်ရွယ်ကြောင်း တုံ့ပြန် ငြင်းဆိုထားသည်။

မြောက်ကိုရီးယား ကာကွယ်ရေးဝန်ကြီးဌာနက THAAD ဒုံးကျည်ပစ်စင်များ၏ အပြီးသတ်အဆင့် တပ်ဆင် စစ်ဆေးမှုများကို အမေရိကန် စစ်ဘက်အကြံပေးများ၏ အကူအညီဖြင့် လုပ်ဆောင်သွားမည်ဟု ကြေညာသည်။

THAAD ဒုံးကျည်ပစ်စင် နှစ်ခုကို ဧပြီလ ကတည်းက တပ်ဆင်ပြီးစီးထားပြီး ကျန်အစိတ်အပိုင်းများကို ယခုအခါမှ နောက်ဆုံးအဆင့် ဆက်လက် တပ်ဆင်နိုင်ခဲ့ခြင်း ဖြစ်သည်။

  Ref: Chosun