ဟာမီတန်ကို ဂုဏ်ထူးဆောင်နိုင်ငံသားအဖြစ် သတ်မှတ်

ဖော်မြူလာဝမ်းကမ္ဘာ့ချန်ပီယံဆုကို ၇ ကြိမ်ရရှိထားတဲ့ ဗြိတိန်ဒရိုင်ဗာ လူးဝစ်ဟာမီတန်ကို ဘရာဇီးနိုင်ငံက ဂုဏ်ထူးဆောင်နိုင်ငံသားအဖြစ် သတ်မှတ်လိုက်ပါတယ်။ အခုတစ်ပတ်ကျင်းပမယ့် ဘရာဇီး  ဂရင်းပရီ ပြိုင်ပွဲအတွက် ဘရာဇီးနိုင်ငံကိုရောက်ရှိနေတဲ့ ဟာမီတန်ဟာ နိုဝင်ဘာ ၈ ရက်က ဘရာဇီးလွှတ်တော်ထဲမှာ ဂုဏ်ထူးဆောင် နိုင်ငံသားအဖြစ်ဂုဏ်ပြုမှုကို လက်ခံရယူခဲ့တာပါ။

မနှစ်က ဘရာဇီး ဂရင်းပရီပြိုင်ပွဲမှာ အနိုင် ရခဲ့ပြီးနောက် ဟာမီတန်ဟာ ဘရာဇီးအလံနဲ့အတူ အောင်ပွဲခံခဲ့ပြီးနောက် အခုလို ဂုဏ်ပြုသင့်တယ်လို့ ဘရာဇီး လွှတ်တော်အမတ် ဖီဂူရီဒိုက အကြံပြုခဲ့တာဖြစ်ပါတယ်။ ဟာမီတန်ဟာ ဖော်မြူလာဝမ်းချန်ပီယံဆုကို ၃ ကြိမ် ရထားတဲ့ ဘရာဇီးဂန္ထဝင် ဆန်နာကို ဂုဏ်ပြုတဲ့အနေနဲ့ ဘရာဇီး အလံနဲ့အတူ အောင်ပွဲခံခဲ့တာဖြစ်တယ်လို့ ပြောကြားထားခဲ့ပါတယ်။

ဒါကြောင့်လည်း ဟာမီတန်မှာ ဘရာဇီးပရိသတ်အခိုင်အမာရရှိထားတယ်လို့ သိရပါ တယ်။ အသက် ၃၇ နှစ်အရွယ် ဟာမီတန်ဟာ အခုရာသီမှာတော့ မာစီးဒီးစ်အသင်းနဲ့အတူ ရုန်းကန်နေရပြီး ဂရင်းပရီနိုင်ပွဲ ၁ ပွဲမှမရသေးပါဘူး။