အာဂျင်တီးနားသား ၆ထောင် ခန့် ကမ္ဘာ့ဖလား ဘောလုံးကွင်းသို့ ဝင်ရောက်ခွင့် ပိတ်ပင်ခံရ

အာဂျင်တီးနားရှိ ဗွေနိုဇာရီမြို့တော်အစိုးရသည် ကာတာရှိ ကမ္ဘာ့ဖလား ဘောလုံးကွင်းများအတွင်းသို့ ဝင်ရောက်ခွင့် ပိတ်ပင်ခံရသည့် အာဂျင်တီးနားသား ၆,၀၀၀ ၏ အမည်စာရင်းအား နိုဝင်ဘာလ ၇ ရက် တနင်္လာနေ့တွင် ထုတ်ပြန်ခဲ့သည်။

“ကြမ်းတမ်းရမ်းကားတဲ့ ပရိသတ်တွေက ဒီမှာရော ကာတာမှာပါ ရောက်ရှိနေပါတယ်။ ဘောလုံးပွဲတွေကို ငြိမ်းငြိမ်းချမ်းချမ်းနဲ့ ပြန်လည် ကျင်းပစေချင်တယ်လေ။ ဒါကြောင့် ကြမ်းတမ်းရမ်းကားတဲ့သူတွေကို အားကစားကွင်း အပြင်ဘက်မှာပဲ ရှိနေစေချင်တယ်” ဟု မြို့တော်၏ တရားရေးနဲ့ လုံခြုံရေးဝန်ကြီး မယ်ဆယ်လို ဒယ်လီဆန္ဒရာ က အင်တာဗျူးတစ်ခုတွင် ပြောကြားခဲ့သည်။

ပိတ်ပင်ခံရသူများတွင် တရားမဝင်သည့်အဖွဲ့များနှင့် ပတ်သက်နေသူများ၊ ကိုယ်ထိလက်ရောက် ကျူးလွန်ခဲ့သူများ၊ တားမြစ်ထားသော လမ်းဘေး စီးပွားရေးလုပ်ငန်းများတွင် ပါဝင်နေသူများ၊ ကလေးစရိတ် အကြွေးတင်နေသော ကွာရှင်းမိဘများပါဝင်သည်ဟု ၎င်းကဆိုသည်။

ထို့အပြင် ကာတာတွင် လုံခြုံရေးနှင့် ထိန်းသိမ်းရေးတို့ လုပ်ဆောင်ရန်အတွက် နိုင်ငံအလိုက် မတူညီသည့် ရဲတပ်ဖွဲ့များမှ ကိုယ်စားလှယ်များကို စေလွှတ်ကာ ကာတာ လုံခြုံရေး အာဏာပိုင်များနှင့် လက်တွဲ လုပ်ဆောင်စေမည်ဖြစ်ကြောင်း ၎င်းကပြောသည်။

ပိတ်ပင်ခံရသော အာဂျင်တီးနားသား ခြောက်ထောင်တွင် သုံးထောင်ခန့်မှာ ဒေသတွင်းပွဲစဉ်များ၌ပင် ဝင်ရောက်ခွင့် တားမြစ်ခံထားရသူများ ဖြစ်ကြောင်း ဒယ်လီဆန္ဒရာက ပြောကြားခဲ့သည်။

source: CNA