ကမ္ဘာတွင် မရှုံးနိုင်သည့်အသင်း မရှိဟု အမေရိကန်နည်းပြ ပြော

Jurgen-Klinsmann-Reuters

ကိုပါအမေရိကားဖလား အကြိုဗိုလ်လုပွဲစဉ်အဖြစ် အိမ်ရှင် အမေရိကန်အသင်းနဲ့ နာမည်ကြီး အာဂျင်တီးနားအသင်းတို့ လာမယ့် ဇွန် ၂၁ ရက်နေ့မှာ ယှဉ်ပြိုင်ကစားရမှာ ဖြစ်ပါတယ်။

အမေရိကန်အသင်းနည်းပြ ဂျာမန်လက်ရွေးစင်ဟောင်း ဂျာဂင်ကလင်းစမန်း (Jurgen Klinsmann) ကတော့ ကမ္ဘာမှာ မရှုံးနိုင်တဲ့ အသင်းဆိုတာ မရှိဘူးဆိုတဲ့ ခံယူချက်နဲ့ အာဂျင်တီးနားအသင်းကို ရင်ဆိုင်သွားမယ်လို့ ပြောပါတယ်။

အိမ်ရှင်အသင်း ဖြစ်တဲ့အတွက် ပရိသတ်ရဲ့ အားပေးမှုကို အပြည့်အ၀ ရမယ်ဆိုတာကိုလည်း မျှော်လင့်ထားပြီး တဘက်က အာဂျင်တီးနားအသင်းကို လေးစားသမှုနဲ့ ယှဉ်ပြိုင်သွားမယ်လို့ ပြောပါတယ်။

ဖီဖာအဆင့် သတ်မှတ်ချက်မှာ အာဂျင်တီးနားအသင်းဟာ နံပါတ် ၁ ဖြစ်ပြီး အမေရိကန် အသင်းက အဆင့် ၃၁ နေရာမှာ ရှိပါတယ်။

ဒါပေမယ့် အမေရိကန်အသင်းခေါင်းဆောင် မိုက်ကယ်ဘရက်ဒ်လေ (Michael Bradley) ကတော့ အာဂျင်တီးနားနဲ့ပွဲဟာ နောက်ဆုံးဗိုလ်လုပွဲအထိ တက်နိုင်တဲ့ အခွင့်အလမ်းလို့ မြင်ကြောင်း ဆိုပါတယ်။

အမေရိကန်နဲ့ အာဂျင်တီးနားတို့ပွဲကို တက္ကဆက်ပြည်နယ် ဟူစတန်မြို့ ဘောလုံးကွင်းမှာ ယှဉ်ပြိုင်မှာဖြစ်ပြီး ဇွန် ၂၂ ရက်နေ့ကျရင် ချီကာဂိုမြို့က Soldier Field ဘောလုံးကွင်းကြီးထဲမှာ ကိုလံဘီယာအသင်းနဲ့ လက်ရှိချန်ပီယံ ချီလီအသင်းတို့လည်း ဆီမီးဖိုင်နယ်ပွဲ ကစားကြဖို့ ရှိပါတယ်။

ကိုပါအမေရိကားဖလား  တတိယနေရာလုပွဲနဲ့ နောက်ဆုံးဗိုလ်လုပွဲတွေကိုတော့ လာမယ့် ဇွန် ၂၅ နဲ့ ၂၆ ရက်နေ့ တွေမှာ ယှဉ်ပြိုင်ကြမှာ ဖြစ်ပါတယ်။

(ရိုက်တာ)


Leave a Reply