မြောက်ကိုးရီးယား၏ နျူကလီးယားစမ်းသပ်မှုကို ဆွေးနွေးနေစဥ်တောင်ကိုရီးယားက စစ်ရေးလေ့ကျင့်မှုများ စတင်လာ

တောင်ကိုရီးယားတပ်ဖွဲ့များသည် နှစ်နိုင်ငံ စစ်ရေးဆိုင်ရာ တင်းမာမှုများ မြင့်တက်နေချိန်တွင်  မြောက်ကိုရီးယား၏ နျူကလီးယားနှင့် ဒုံးကျည်ခြိမ်းခြောက်မှုများအပေါ် တုံ့ပြန်နိုင်ရန်အတွက် စွမ်းရည်မြှင့်တင်ရန် ရည်ရွယ်၍ ၎င်းတို့၏ နှစ်စဉ် ဟိုဂွတ် ကာကွယ်ရေး စစ်ရေးလေ့ကျင့်မှုကို အောက်တိုဘာ ၁၇ ရက် တနင်္လာနေ့တွင် စတင်ပြုလုပ်ခဲ့သည်။

စနေနေ့တွင် ပြီးဆုံမည့် အဆိုပါ စစ်ရေးလေ့ကျင့်မှုသည် ပြီးခဲသည့် ရက်သတ္တပတ်များအတွင်း အမေရိက၊ ဂျပန်တို့နှင့်အတူ ပူးပေါင်းခဲ့သော လုပ်ဆောင်မှုများ အပါအဝင် ဆက်တိုက်ပြုလုပ်နေခဲ့သည့် တောင်ကိုရီးယား၏ စစ်ရေးလေ့ကျင့်မှုများတွင် နောက်ဆုံးဖြစ်သည်။

အဆိုပါ နောက်ဆုံး လေ့ကျင့်မှုမှာ မြောက်ကိုရီးယားက သောကြာနေ့တွင် တာတိုပစ်ပဲ့ထိန်းဒုံးကျည်တစ်စင်း အပါအဝင် ရာနှင့်ချီသော အမြောက်ကျည်များကို ကိုရီးယားနှစ်နိုင်ငံ နယ်စပ်အနီး ပစ်ခတ်ခဲ့ခြင်းနှင့် ယခုနှစ်အတွင်း မကြုံစဖူးထူး ကဲသော အရှိန်အဟုန်ဖြင့် လက်နက်စမ်းသပ်မှုများ ပြုလုပ်နေခြင်းတို့ကြောင့် ထွက်ပေါ်လာခြင်း ဖြစ်သည်။ ပြုံယမ်းသည် တောင်ကိုရီးယားနှင့် ပူးတွဲစစ်ရေးလေ့ကျင့်မှုများအပေါ် ဒေါသတကြီးတုံ့ပြန်ခဲ့ပြီး ထိုလုပ်ဆောင်မှုများအား ရန်စမှုများနှင့် တန်ပြန်ခြိမ်းခြောက်မှုများဟု ခေါ်ဆိုခဲ့သည်။ ဆိုးလ်က ၎င်း၏ လေ့ကျင့်မှုများမှာ ပုံမှန် လုပ်နေကျဖြစ်ပြီး ကာကွယ်ရေး အသားပေး လေ့ကျင့်မှုများ ဖြစ်ကြောင်း ပြောကြားခဲ့သည်။

အမေရိကန် တပ်ဖွဲ့ဝင်အချို့နှင့် ပူးပေါင်းထားသည့် တောင်ကိုရီးယားတပ်ဖွဲ့များသည် ဟိုဂွတ် စစ်ရေးလေ့ကျင့်မှု အတွင်း တပ်ဖွဲ့ဝင်များ၏ ပူးတွဲစစ်ဆင်ရေးရည်စွမ်းရည်ကို မြှင့်တင်ရန်နှင့် အဆင်သင့်ဖြစ်နေစေရန်အတွက် အာရုံစိုက်သွားမည်ဖြစ်ကြောင်း တောင်ကိုရီးယား ပူးတွဲစစ်ဦးစီးချုပ်က ပြောကြားခဲ့သည်။

“တပ်ဖွဲ့တွေဟာ မြောက်ကိုရီးယားရဲ့ နျူကလီးယား၊ ဒုံးကျည်နဲ့ တခြား ခြိမ်းခြောက်မှု အမျိုးမျိုးကို တန်ပြန်နိုင်ဖို့ နေ့ရောညပါ လက်တွေ့ကျတဲ့ လေ့ကျင်မှုတွေကို ပြုလုပ်သွားမှာ ဖြစ်ပါတယ်၊ ဒါမှသာ သူတို့ဟာ စစ်ကာလနဲ့ ငြိမ်းချမ်းရေးကာလမှာ ပေးထားတဲ့ မစ်ရှစ်ကို ပြီးမြောက်အောင်လုပ်နိုင်တဲ့ စွမ်းဆောင်ရည်တွေကို ပိုင်ဆိုင်နိုင်မှာ ဖြစ်ပြီး အချို့အမေရိကန် တပ်ဖွဲ့တွေနဲ့ အပြန်အလှန် ပူးပေါင်းဆောင်ရွက်မှုကို မြင့်တင်နိုင်မှာဖြစ်ပါတယ်” ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။  Source:CNN