မူဝါဒ အပြောင်းအလဲ လုပ်ပြီးနောက် ဗြိတိန်ပေါင်ငွေတန်ဖိုး ပြန်တက်

အခွန်လျှော့ချမယ့်အစီအစဉ်ကို စွန့်လွှတ်ပြီး ဗြိတိန်အစိုးရက မူဝါဒ ပြင်ဆင်ပြောင်းလဲတာတွေ အများအပြား လုပ်ခဲ့ပြီးနောက်မှာ အာရှ ဈေးကွက်ဖွင့်ချိန်မှာ ဗြိတိန်သုံးငွေ စတာလင်ပေါင်ငွေတန်ဖိုး အနည်းငယ် ပြန်တက်လာခဲ့ပါတယ်။

ဒီနေ့ အာရှ ဈေးကွက်ဖွင့်ချိန်မှာ စတာလင်ပေါင် က ၀ ဒသမ ၅ ရာခိုင်နှုန်း တန်ဖိုး တက်လာကာ တစ်ပေါင်ကို အမေရိကန်ဒေါ်လာ ၁ ဒသမ ၁၂  နဲ့ ရောင်းဝယ်နေကြပါတယ်။

သောကြာနေ့တုန်းက ဝန်ကြီးချုပ်သစ် လစ်ထရပ်စ်က သူ့ရဲ့ ဘဏ္ဍာရေးဝန်ကြီး ကွာဆီကွာတန်ကို ထုတ်ပယ်ခဲ့ပြီး ဝန်ကြီးတင်ပြတဲ့ ကြားဖြတ်ဘတ်ဂျက်အသေးစားက ဈေးကွက်တွေ မျှော်လင့်ထားတာထက် အတော်လေး ဝေးကွာခဲ့တယ်လို့ ပြောကြားပါတယ်။

ဝန်ကြီးချုပ်က ထပ်မံခန့်အပ်လိုက်တဲ့ ဘဏ္ဍာရေးဝန်ကြီးသစ် ဂျယ်ရီမီ ဟန့် ကတော့ အခွန်တိုးမြှင့်တာတွေရှိမယ် ၊ အစိုးရအသုံးစရိတ် လျှော့ချတာတွေရှိမယ်လို့ သတိပေးပြောကြားပါတယ်။

စက်တင်ဘာ ၂၃ ရက်မှာ မစ္စတာ ကွာတန်ကြေညာခဲ့တဲ့ ဘတ်ဂျက်အသေးစားကြောင့် ဘဏ္ဍာရေး ဈေးကွက်တွေကို လှုပ်ခတ်သွားစေခဲ့ပြီး စတာလင် ပေါင် တန်ဖိုးလည်း တစ်ပေါင်ကို ၁ ဒသမ ၀၃ ဒေါ်လာဆီ ကျဆင်းခဲ့ပါတယ်။ ဗြိတိန်အစိုးရ ဘွန်း တန်ဖိုးလည်း ထိုးကျသွားခဲ့ပါတယ်။

သူ့အနေနဲ့ တည်ငြိမ်မှု ဖွံ့ဖြိုးတိုးတက်မှုကို အာရုံစိုက်သွားမယ်လို့ ဝန်ကြီးသစ် ဂျယ်ရီမီ ဟန့် က ပြောကြားပါတယ်။ သူက အခွန် နဲ့ အစိုးရ သုံးစွဲမှုအစီအစဉ်ကို အောက်တိုဘာ ၃၁ ရက်မှာ ထုတ်ဖော်တင်ပြမှာ ဖြစ်ပါတယ်။

-Ref:BBC