မူးယစ်နှိမ်နင်းမှုအတွင်း အဖမ်းခံရန် ငြင်းဆန်သူများကို သတ်ရန် ခွင့်ပြုဟု ဖိလစ်ပိုင်သမ္မတ ပြော

ဖိလစ်ပိုင် မူးယစ်နှိမ်နင်းမှုအတွင်း အဖမ်းခံဖို့ ငြင်းဆန်တဲ့ လူတွေကို သတ်ဖို့ ခွင့်ပြုတယ်လို့ သမ္မတ ရိုဒရီဂို ဒူတာတေက ရဲတပ်ဖွဲ့ဝင်တွေကို  ပြောလိုက်ပါတယ်။

အသတ်ခံရတဲ့ ဆယ်ကျော်သက်တယောက်ရဲ့ ဈာပနပွဲကို ရာနဲ့ချီတဲ့လူတွေ တက်ရောက်ရင်း လူအသေ အပျောက်များတဲ့ မူးယစ်စစ်ပွဲကို ဆန့်ကျင် ဆန္ဒပြခဲ့ကြတာပါ။

အဲဒီနောက် ၂ ရက်အကြာမှာ ဒူတာတေက ခုလို ပြောလိုက်တာ ဖြစ်ပါတယ်။ ဒူတာတေရဲ့ မူးယစ်နှိမ်နင်းရေး စစ်ပွဲအတွင်း ထောင်နဲ့ချီတဲ့လူတွေ အသတ်ခံခဲ့ရလို့ နိုင်ငံတကာ လူ့အဖွဲ့အစည်းက ဒီအကြမ်းဖက်မှုကို ပြစ်တင်ရှုတ်ချခဲ့ကြတာပါ။

ဒီနေ့မှာတော့ အုပ်စုတချို့နဲ့ လူတချို့ စုရုံးခဲ့ကြပြီး ဒူတာတေရဲ့ စစ်အုပ်ချုပ်မှုနဲ့ ဖက်ဆစ်ဝါဒ အားကောင်းလာမှု လုပ်ရပ်လို့ သူတို့ပြောတဲ့ လုပ်ရပ်တွေကို ဆန့်ကျင်ဆန္ဒပြ လှုပ်ရှားဖို့အတွက် အာဏာရှင်ဆန့်ကျင်ရေး လှုပ်ရှားမှုအဖွဲ့ကို ဖွဲ့စည်းခဲ့ပါတယ်။

ဒီအုပ်စုထဲမှာ ခရစ်ယာန်ဘုရားကျောင်းက ဝန်ထမ်းတွေ၊ လူ့အခွင့်အရေး တက်ကြွလှုပ်ရှားသူတွေ၊ နိုင်ငံရေး သမားတွေ၊ အနုပညာရှင်တွေနဲ့ မူးယစ်စစ်ပွဲမှာ သေဆုံးသူတွေရဲ့ မိသားစုတွေကို စာနာသူတွေ ပါဝင်ခဲ့ပါတယ်။

(DVB)