တရုတ်၏ တတိယလူဦးရေအများဆုံးပြည်နယ်ရှိ ပြည်သူ ၉၀ ရာခိုင်နှုန်းသည် ယခုအခါ ကိုရိုနာဗိုင်းရပ်စ် ကူးစက် ခံထား ရသည်ဟု တာဝန်ရှိသူတစ်ဦး ပြောကြား

တရုတ်နိုင်ငံသည် မကြုံစဖူးကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံရမှုများနှင့် လုံးပန်းနေရသည့်အနေအထားတွင် တရုတ်၏ တတိယလူဦးရေအများဆုံးပြည်နယ်ရှိ ပြည်သူ ၉၀ ရာခိုင်နှုန်းမှာ ယခုအခါ COVID-19 ကူးစက် ခံထားရသည်ဟု ထိပ်တန်းတာဝန်ရှိသူတစ်ဦးက ဇန်နဝါရီ ၉ ရက်တွင် ပြောကြားသည်။ ဇန်နဝါရီ ၆ ရက်အထိ ဟဲနန်ပြည်နယ်၏ ကိုဗစ်ကူးစက်မှုနှုန်းသည် ၈၉ ဒသမ ၀ ရာခိုင်နှုန်းရှိနေသည်ဟု အလယ်ပိုင်းဟဲနန်ပြည်နယ်အတွက် ကျန်းမာရေး ကော်မရှင် ဒါရိုက်တာအဖြစ်ဆောင်ရွက်နေသူ ကန်ကျန်ချန်းက သတင်းစာရှင်းလင်းပွဲတွင် ပြောကြားသည်။ လူဦးရေ ၉၉ ဒသမ ၄ ရာခိုင်နှုန်းရှိနေသော ဟဲနန်ပြည်နယ်တွင် ပြည်သူ ၈၈ ဒသမ ၅ ရာခိုင်နှုန်းခန့်သည် ယခုအခါ ကိုဗစ်ကူးစက်ခံထားရဖွယ်ရှိသည်ဟု ဆိုသည်။

ဒီဇင်ဘာ ၁၉ ရက်တွင် ဆေးကုသခန်းများသို့ လာရောက်သူအများဆုံးဖြစ်ခဲ့ကြောင်း ကန်က ပြောကြားခဲ့ပြီး ယင်းနောက်တွင် ဆေးခန်းလာပြသူ တောက်လျှောက်ကျဆင်းခဲ့သည်ဟု ဆိုသည်။ ဗိုင်းရပ်စ်ထိန်းချုပ်ရေးအတွက် အဓိကအစီအမံများကို ရုပ်သိမ်းလိုက်ပြီးနောက် တရုတ်နိုင်ငံတစ်ဝန်းတွင် ကိုရိုနာဗိုင်းရပ်စ်ကူးစက်မှုဖြစ်စဉ်များ မြင့်တက်လာခဲ့သည်။ ကူးစက်မှုသည် ခြေရာခံရန်မဖြစ်နိုင်ဟု အာဏာပိုင်များက ဝန်ခံခဲ့ပြီး ကူးစက်မှုဖြစ်စဉ်များကို စာရင်းကောက်တော့မည်မဟုတ်ဟု ပြောကြားထားသည်။ သို့ရာတွင် ဝူဟန်မြို့ကြီး၌ ကိုရိုနာဗိုင်းရပ်စ် ပထမဆုံး ပေါ်ထွက်လာပြီးနောက် သုံးနှစ်အကြာတွင် တရုတ်နိုင်ငံသည် ကိုဗစ်ကူး စက်မှုဖြစ်စဉ်များ မြင့်တက်လာမှုကို ကြုံတွေ့ နေရသည်။

တရုတ်တွင် ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုများ တစ်ဟုန်ထိုးမြင့်တက်လာသည့်အပေါ် စိုးရိမ်မှုများကြီးထွားလာစဉ် တရုတ်ခရီးသွားများသည် နိုင်ငံပေါင်း တစ်ဒါဇင်ကျော်သို့ ဝင်ရောက်ရာတွင် ကန့်သတ်မှုများနှင့် ရင်ဆိုင်နေရဆဲ ဖြစ်သည်။ တရုတ်အစိုးရသည် နိုင်ငံကို ပြန်ဖွင့်ရေးအတွက် တွန်းအားပေးလုပ်ဆောင်နေခြင်းနှင့်အတူ နိုင်ငံတကာမှ လာရောက်သူအားလုံးအတွက် မဖြစ်မနေကွာရန်တင်းဝင်စေခြင်းကို ဇန်နဝါရီ ၈ ရက်တွင် ရုပ်သိမ်းလိုက်ပြီး ဟောင်ကောင်နယ်စပ်ကိုလည်း ဖွင့်ပေးလိုက်ကြောင်း သိရသည်။ တရုတ်သည်  ယခုလနှောင်းပိုင်းတွင် “လ” နှစ်သစ်ကို ဆင်နွှဲမည်ဖြစ်သောကြောင့် ကူးစက်မှုများတိုးလာမည်ဟု မျှော်လင့်ထားသည်။ နှစ်သစ်ကူးကာလတွင် ပြည်သူသန်းပေါင်းများစွာသည် မြို့ကြီးများမှ ကျေးလက်ရှိ အသက်ကြီးသော ဆွေမျိုးများထံ လည်ပတ်မှုများရှိ လာမည်ဖြစ်သည်။

တရုတ်သည် ဒီဇင်ဘာအစောပိုင်းတွင် ကိုဗစ်ထိန်းချုပ်ရေးစည်းကမ်းများကို ဖြေလျှော့ပေးခဲ့ပြီးနောက်ပိုင်း လူ ၁၂၀,၀၀၀ ရောဂါကူးစက်ခံရပြီး လူ ၃၀ သေဆုံးသည်ဟု လွန်ခဲ့သောသီတင်းပတ်က အစိုးရထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ သို့သော်လည်း တရုတ်အစိုးရသည် ကိုဗစ်သေဆုံးမှုနှင့် သက်ဆိုင်သော အဓိပ္ပာယ်ဖွင့်ဆိုချက်ကို လွန်ခဲ့သောလတွင် ချုံ့ပစ်လိုက်ပြီး လူအစုလိုက်အပြုံလိုက် ဆေးစစ်မှုကို လုပ်ဆောင်တော့မည်မဟုတ်ဟု ထုတ်ပြန်ခဲ့သည်။