အမေရိကန်-မြောက်ကိုရီးယား ထိပ်သီးဆွေးနွေးပွဲ သဘောတူညီချက်မရဘဲ အဆုံးသတ်
အမေရိကန်-မြောက်ကိုရီးယား ဒုတိယအကြိမ် ထိပ်သီးဆွေးနွေးပွဲဟာ ဖေဖော်ဝါရီ ၂၈ ရက် ဒုတိယနေ့မှာ သဘောတူညီချက် မရဘဲ အဆုံးသတ်သွားပါတယ်။
ခေါင်းဆောင် ကင်အနေနဲ့ မြောက်ကိုရီးယားအပေါ် ချမှတ်ထားတဲ့ စီးပွားရေးဒဏ်ခတ်မှုအားလုံးကို ရုပ်သိမ်းစေလိုတာကြောင့် သူဟာ ညှိနှိုင်းဆွေးနွေးရေး စကားဝိုင်းကနေ ထွက်ခွာခဲ့ရတယ်လို့ သမ္မတ ထရမ့်က ၀ါရှင်တန်ကို ပြန်လည်မထွက်ခွာခင် ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောကြားပါတယ်။
မြောက်ကိုရီးယားခေါင်းဆောင် ကင်မ်နဲ့ သမ္မတ ထရမ့်တို့ဟာ မြို့တော် ဟနွိုင်းရှိ မက်ထရို ပိုးလ်ဟိုတယ်မှာ နှစ်ရက်ကြာ တွေ့ဆုံဆွေးနွေးခဲ့တာပါ။
ပထမနေ့မှာ သမ္မတ ထရမ့်က နျူကလီးယား လက်နက်ဖျက်သိမ်းရေး အမေရိကန် တောင်းဆိုချက်ကို နောက်ဆုတ်သွားမှာ မဟုတ်ဘူးလို့ ပြောခဲ့ပါတယ်။ ဒုတိယနေ့မှာတော့ မြောက်ကိုရီးယား ခေါင်းဆောင်ကင်က ဆွေးနွေးပွဲမလုပ်ခင် ရလဒ်ကောင်းတွေ ထွက်လာဖို့ သူ့အနေနဲ့ အစွမ်းကုန် ကြိုးပမ်းသွားမယ်လို့ ပြောခဲ့ပါတယ်။
ဒါပေမယ့် စီးပွားရေးဒဏ်ခတ်မှု အလုံးစုံရုပ်သိမ်းရေးနဲ့ ပတ်သက်လို့ နှစ်နိုင်ငံအကြား သဘောတူညီချက်မရဘဲ ဆွေးနွေးပွဲကို ရုတ်တရက် အဆုံးသတ်လိုက်ပါတယ်။ ဒီအတွက် ခေါင်းဆောင် နှစ်ဦးနဲ့ သူတို့ ကိုယ်စားလှယ်အဖွဲ့ဟာ စီစဉ်ထားတဲ့ အလုပ်သဘော နေ့လယ်စာစားပွဲနဲ့ လက်မှတ်ရေးထိုးပွဲ အခမ်းအနားကို တက်ရောက်ခြင်း မရှိခဲ့ပါဘူး။
အမေရိကန် -မြောက်ကိုရီးယား ထိပ်သီးဆွေးနွေးပွဲ အဆုံးသတ်လိုက်တာနဲ့ ပတ်သက်လို့ ဟနွိုင်းမြို့ သူမြို့သားတွေကလည်း စိတ်မကောင်း ဖြစ်ရတယ်လို့ ဆိုပါတယ်။
ဒီဖြစ်ရပ်နဲ့ ပတ်သက်ပြီး တရုတ်အစိုးရကလည်း အမေရိကန်နဲ့ မြောက်ကိုရီးယားအကြား တွေ့ဆုံဆွေးနွေးမှုတွေနဲ့ ဆက်သွယ်မှုတွေ ဆက်လက်ရှိနေမယ် မျှော်လင့်တယ်လို့ ပြောကြားခဲ့ပါတယ်။
by DVB