မူးယစ်ဆေးဝါးပါ ကော်ဖီအား သာမန်ကော်ဖီအထင်ဖြင့် မှားယွင်း သောက်သုံးမိရာမှ သံဃာတော်တစ်ပါးနှင့် အမျိုးသားလေးဦး သတိလစ်မေ့မြော

ရှမ်းပြည်နယ်၊ တာချီလိတ်မြို့၌ အောက်တိုဘာ ၁၇ ရက် နံနက် ၇ နာရီ ၃၀ မိနစ်တွင် မူးယစ်ဆေးဝါးပါ ကော်ဖီထုတ်တစ်မျိုးအား သောက်သုံးမိ၍  သံဃာတော်တစ်ပါးနှင့် အမျိုးသားလေးဦး သတိလစ်မေ့မြောခဲ့ကြောင်း ဒေသလူမှုကူညီရေးအသင်းထံမှ သိရသည်။

အဆိုပါ ဖြစ်စဉ်မှာ တာချီလိတ်မြို့၊ ကျောက်တောင်ရပ်ရှိ  နတ်မောက်ရွှေသူဌေးကုန်း ဘုန်းတော်ကြီးကျောင်း၌ ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး ဆရာတော် ဥူးကေလာသ သက်တော်(၅၄)နှစ်၊ ဦးပြုံးမောင်(၅၃)နှစ်၊ ကိုနှင်းသန့်အောင် (၃၂)နှစ်၊ ကိုရဲကိုမျိုး(၁၉)နှစ် နှင့် ကိုထိန်လင်းဦး(၂၇)နှစ်တို့ သတိလစ်မေ့မြောခဲ့ခြင်းဖြစ်ကြောင်းသိရသည်။

အဆိုပါကော်ဖီထုတ်အား ဘုန်းကြီးထံလာလှူသဖြင့် သာမန်ကော်ဖီအထင်ဖြင့် မှားယွင်းသောက်မိရာမှ ယခုကဲ့သို့ ကြုံတွေ့ရခြင်းဖြစ်ကြောင်း ဦးလှမိုး(တာချီလိတ်) လူမှုကူညီရေးအသင်း၏ တာ၀န်ရှိသူတစ်ဦးက ပြောသည်။

“သူတို့က နားမလည်ပဲ ကော်ဖီဆိုပြီး သောက်လိုက်လို့ အဲ့ဒီလိုဖြစ်ကုန်တာ။ ဘုန်းကြီးနဲ့ ဒကာတစ်ယောက်က အခုထိ သတိမရသေးဘူး။ ကျန်တဲ့လူတွေကတော့ နည်းနည်းသက်သာတယ်”ဟု ၎င်းက ဆိုသည်။

လက်ရှိတွင် သတိလစ်မေ့မြောသူများအား တာချီလိတ်ပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ထားကြောင်းသိရသည်။

အဆိုပါ ကော်ဖီ၌ caffeine၊diazepam၊ ketamine၊ ecstasy၊ methamphetamine နှင့် tramadol များ ပါ၀င်သည့် လူငယ်များအကြား Happy Water ဟုခေါ်သည့် မူးယစ်​စေသည့်ဓာတ်အသစ်တမျိုးပါ၀င်ကြောင်းသိရသည်။