ရုရှား၏ ဓာတ်ငွေ့ပိတ်ဆို့မှုကြောင့် စွမ်းအင်လုပ်ငန်းများ မပြိုလဲစေရန် ဥရောပနိုင်ငံအချို့က မိမိတို့၏ ဓာတ်အားပေးလုပ်ငန်းများကို ဘဏ္ဍာရေးအကူအညီများ ပေးအပ်

အဓိကဓာတ်ငွေ့ပိုက်လိုင်းကို ပိတ်ရန် ရုရှား၏လုပ်ဆောင်မှုကြောင့် ဖြစ်ပေါ်လာသည့် နက်ရှိုင်းသော အကျပ်အတည်းတစ်ခုအတွင်း ဥရောပသည် စွမ်းအင်ပံ့ပိုးမှုများ ရရှိစေရန် အပြင်းအထန်ကြိုးပမ်းနေရသည့် အနေအထား၌ ဖင်လင်နှင့် ဆွစ်ဇာလန်တို့က စက်တင်ဘာ ၆ ရက်တွင် ဓာတ်အားကုမ္ပဏီများထံ ဘဏ္ဍာရေး အထောက်အပံ့ ဘီလျံချီပံ့ပိုးခဲ့သည်။

မိမိတို့၏ ချေးငွေများကို ပြန်ပေးနိုင်စေရန် အစိုးရရင်းနှီးမြှုပ်နှံမှုကုမ္ပဏီ ဆိုလီဒီယမ်နှင့် ယူရို ၂.၃၅ ဘီလျံ (အမေရိကန်ဒေါ်လာ ၂.၃၄ ဘီလျံ) တန်ကြေးရှိသော ဘဏ္ဍာရေးဆိုင်ရာ လိုအပ်ချက်တစ်ရပ်ကို လက်မှတ် ရေးထိုးခဲ့သည်ဟု ဖင်လန်စွမ်းအင်ကုမ္ပဏီ Fortum က ထုတ်ပြန်ခဲ့သည်။

ယခုပံ့ပိုးမှုသည်စက်တင်ဘာ ၄ ရက်တွင် ဖင်လန်အစိုးရက လျှပ်စစ်ဓာတ်အားပေးလုပ်ငန်းများအတွက် ကြေညာခဲ့သည့် ငွေပေါ်လွယ်မှု အာမခံချက်များဖြစ်သည့် ယူရို ၁၀ ဘီလျံအပြင် ထပ်မံပေးအပ်သော ထောက်ပံ့မှုဖြစ်သည်။ ငွေဖြစ်လွယ်မှု လိုအပ်ချက်များ ပြည့်မီစေရန် မိမိတို့ကုမ္ပဏီသည် ဆွစ်ဇာလန်အစိုးရထံမှ ဆွစ်ဖရန့် လေးဘီလျံ (အမေရိကန်ဒေါ်လာ ၄.၁ ဘီလျံ)အထိ လက်ခံရရှိခဲ့သည်ဟု ဆွစ်ကုမ္ပဏီ Axpo က ထုတ်ပြန်ခဲ့သည်။ ယခုရရှိခဲ့သော ပံ့ပိုးငွေများသည် ချေးငွေပုံစံဖြင့် ရရှိခြင်းဖြစ်သည်ဟု ဆိုသည်။

ဆွစ်ဇာလန်အစိုးရသည် ဓာတ်အားလုပ်ငန်းများ ဘေးကင်းရေးအတွက် ဆွစ်ဖရန့် ၁၀ ဘီလျံအထိ အသုံးပြုထားသည်ဆိုသော်လည်း ယင်းသို့ထောက်ပံ့ပေးမှုကို ဥပဒေအဖြစ် လွှတ်တော်တွင် အတည်မပြုမီ Axpo ထံ ရန်ပုံငွေများကို ချထားပေးရန် ဆုံးဖြတ်ခဲ့ခြင်းဖြစ်သည်။

ဥရောပအစိုးရများသည် စွမ်းအင်လုပ်ငန်းများ ပြိုလဲခြင်းကို ဟန့်တားရန်နှင့် စွမ်းအင်စရိတ်များ မြင့်တက်နေခိုက် အိမ်ထောင်စုများကိုအကာအကွယ်ပေးရန် ယူရိုငွေဘီလျံချီရှိသည့် အစီအစဉ်များကို တွန်းတွန်းတိုက်တိုက် လုပ်ဆောင်လျက်ရှိသည်။ ဥရောပတွင် စံအမှတ်ဓာတ်ငွေ့စျေးနှုန်းများသည် တစ်နှစ်အတွင်းတွင် ၃၄၀ ရာခိုင်နှုန်းခန့် ထိုးတက်ခဲ့ပြီး အဓိကဓာတ်ငွေ့ပိုက်လိုင်းဖြစ်သည့် Nord Stream 1 ပိတ်ထားခြင်းကို မိမိတို့ အကန့်အသတ်မရှိ သက်တမ်းတိုးသွားမည်ဟု ရုရှားအစိုးရပိုင် Gazprom ကုမ္ပဏီက ထုတ်ပြန်ခဲ့ပြီးနောက် စက်တင်ဘာ ၅ ရက်တွင် ဓာတ်ငွေ့စျေးသည် ၃၅ ရာခိုင်နှုန်းအထိ ခုန်တက်သွားခဲ့သည်။

ယူကရိန်းကို ကျူးကျော်မှုအတွက် ရုရှားအပေါ်ချမှတ်ခဲ့သော အနောက်ပိတ်ဆို့မှုများအား လက်တုံ့ပြန်သည့်အနေဖြင့် ရုရှားက စွမ်းအင်ကို လက်နက်အဖြစ်အသုံးပြုခြင်းဖြစ်ကြောင်း ဥရောပက စွပ်စွဲထားသည်။ ဓာတ်ငွေ့ထောက်ပံ့မှု ပြဿနာမျာကို ပေါ်ပေါက်စေသည့်အတွက် ရုရှားက အဆိုပါပိတ်ဆို့မှုများကို အပြစ်တင်ထားသည်။

“စွမ်းအင်ကို လက်နက်အဖြစ်အသုံးပြုဖို့ ရုရှားရဲ့ဆုံးဖြတ်ချက်ဟာဥရောပမှာ စွမ်းအင်အကျပ်အတည်းကို ဖြစ်စေတာဖြစ်ပါတယ်။ ဒါဟာ Fortum နဲ့ နော်ဒစ်ဒေသက အခြားဓာတ်အားလုပ်ငန်းတွေကို ဆိုးဆိုးရွားရွား ထိခိုက်စေပါတယ်” ဟု Fortum အမှုဆောင်ချုပ် မားကက်စ်ရော်ရာမိုက ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။Eleven