အမေရိကန်ကို ရင်ဆိုင်ရန် အီရန် လက်နက်အင်အား ဘက်စုံပြင်ဆင်ထား

ပြည်ပအန္တရာယ်ကို ရင်ဆိုင်ရန် အီရန်နိုင်ငံက လက်နက်အင်အား ဘက်စုံပြင်ဆင်ထားပြီ ဖြစ်ကြောင်း အီရန်ကာကွယ်ရေးဝန်ကြီး အာမာဟာတမီက ယမန်နေ့က ပြောသည်။ အီရန်နိုင်ငံသည် လက်ရှိတွင် စစ်ရေးအရ ကာကွယ်ရေးစွမ်းရည် အမြင့်ဆုံးတွင်ရှိပြီး အ္တရာယ်အမျိုးမျိုးကို ရင်ဆိုင်ရန် အသင့်ပြင်ထားပြီဖြစ်သည်ဟု အီရန် ကာကွယ်ရေး ဝန်ကြီး အာမာဟာတမီက ယမန်နေ့က တီဟီရန်၌ ကျင်းပသော အငြိမ်းစားစစ်မှုထမ်းများစုံညီပွဲ၌ အမှာစကား ပြောကြားခဲ့သည်။

အမေရိကန်နိုင်ငံ၏ ပိတ်ဆို့မှုများကို ခံနေရသော်လည်း အီရန်က အခက်ခဲဆုံး အခြေအနေတွင် စစ်ရေးကဏ္ဍတွင် ကြီးမားသည့် အောင်မြင်မှုများ ရရှိဆဲဖြစ်ကြောင်း အာမာက ပြောသည်။ အီရန်နိုင်ငံ၏ ကာကွယ်ရေးစွမ်းရည်ကို တိုးမြှင့်ရန် အီရန်အနေ ဖြင့် မည်သည့်အစီအစဉ်ကိုမဆို လက်လျှော့ပေးမည် မဟုတ်ကြောင်း ပြောသည်။ ၂၀၁၉ ခုနှစ် အီရန်နိုင်ငံ၏ နိုင်ငံတော်ကာကွယ်ရေး သုတေသနစီမံကိန်း ပမာဏ သည် ၂၀၁၈ ခုနှစ်၏ သုံးဆဖြစ်မည် ဖြစ်ကြောင်း အာမာက ဆက်လက် ပြောကြားသည်။

လတ်တလောတွင် အီရန်နှင့် အမေရိကန်နိုင်ငံတို့၏ ဆက်ဆံရေးသည် လျော့သွားသည် မရှိဘဲ ဆက်လက် တင်းမာလျက်ရှိသည်။ ယခုလအစောပိုင်းတွင် အမေရိကန်သည် အီရန်ရေနံတင်ပို့မှုကို ဘက်စုံ ပိတ်ဆို့ခဲ့ပြီး သံ၊ သံမဏိ၊ အလူမီနီယံ၊ ကြေးနီစသည့် လုပ်ငန်းများကို ပိတ်ဆို့ခဲ့ကြောင်း သိရသည်။ ထို့အပြင် အမေရိကန် နိုင်ငံသည် အီရန် အန္တရာယ်ကို ရင်ဆိုင်ရန် လေယာဉ်တင်သင်္ဘောနှင့် ဗုံးကြဲလေယာဉ်များနှင့် အထူးတပ်ဖွဲ့ များကို အရှေ့အလယ်ပိုင်းဒေသသို့တပ်ဖြန့်ချထားကြောင်း သိရသည်။

(ဆင်ဟွာ)