မာတီနက်ဇ်ကို ပေါင် ၅၇ သန်းဖြင့် မန်ယူခေါ်ယူ

ပရီးမီးယားလိဂ်ကလပ် မန်ယူဟာ အာဂျင်တီးနားနောက်ခံလူ လီဆန်ဒရို မာတီနက်ဇ်ကို ပေါင် ၅၇ သန်းနဲ့ ခေါ်ယူလိုက်ပြီဖြစ်ပါတယ်။ အသက် ၂၄ နှစ်အရွယ် မာတီနက်ဇ်ဟာ ၂၀၁၉ ခုနှစ်မှာ နယ်သာလန်ကလပ် အေဂျက်ဇ်အသင်းကို စတင်ရောက်ရှိခဲ့သလို အခုတော့ မန်ယူအသင်းမှာ နည်းပြ တန်ဟတ်နဲ့ ပြန်လက်တွဲခွင့် ရတော့မှာပါ။ မန်ယူအသင်းနဲ့အတူ (၅)နှစ်စာချုပ်ချုပ်ခဲ့တာကြောင့် မာတီနက်ဇ်အနေနဲ့ ၂၀၂၇ ခုနှစ်အထိ အိုးလ်ထရက်ဖို့ဒ်မှာ ရှိနေခွင့်ရခဲ့ပြီဖြစ်ပါတယ်။ ခမ်းနားတဲ့အသင်းကို ရောက်ရှိလာတာက ဂုဏ်ယူစရာဖြစ်သလို အချိန်ပေး ကြိုးစားအားထုတ်ခဲ့မှုတွေက အောင်မြင်မှုတွေရယူဖို့ အထောက်အပံ့ဖြစ်လာလိမ့်မယ်လို့ မာတီနက်ဇ် ကဖွင့်ဟခဲ့ပါတယ်။ အာဂျင်တီးနားကလပ်တွေဖြစ်တဲ့ နယူးဝဲလ်အိုးလ်ဘွိုင်းစ်နဲ့ ဒီဖန်ဆာတို့မှာ ကစားခဲ့တဲ့ မာတီနက်ဇ်ဟာ အေဂျက်ဇ်အတွက် ပွဲ ၁၂၀ ကစားပြီး ၆ ဂိုးသွင်းယူခဲ့သလို အာဂျင်တီးနားအသင်းအတွက်လည်း ၇ ပွဲ ပါဝင်ကစားခွင့်ရထားပါတယ်။