ယခုနွေရာသီ၌ မန်စီးတီးအသင်း၏ ပရီးမီးယားလိဂ်သမိုင်းတွင် ကစားသမားရောင်းချမှုမှ စံချိန်တင်ဝင်ငွေ ရရှိခဲ့

ပရီးမီးယားလိဂ်ထိပ်သီးကလပ်အသင်းတစ်သင်းဖြစ်သည့် မန်စီးတီးအသင်းသည် ယခုနွေရာသီတွင် အသင်းသမိုင်း တစ်လျှောက် ကစားသမားရောင်းချမှုမှ စံချိန်တင်ဝင်ငွေ ရရှိခဲ့ကြောင်း သိရှိရသည်။ မန်စီးတီးအသင်းသည် ယခုအပြောင်းအရွှေ့ကာလအတွင်း အသင်း၏ ထိပ်တန်းကစားသမား (၃)ဦးကို ပရီးမီးယားလိဂ်ပြိုင်ဘက် အသင်းများထံ ရောင်းချခဲ့ခြင်းအပါအဝင် စုစုပေါင်း ကစားသမားရောင်းချမှု (၁၀) ခုပြုလုပ်ခဲ့ရာ ပေါင် (၁၇၄)သန်း အထိ ရရှိခဲ့သည်။ မန်စီးတီးအသင်းသည် တောင်ပံကစားသမား စတာလင်အား ချယ်လ်ဆီးအသင်းထံသို့ ရောင်းထုတ်ခဲ့ပြီး ဂျေးဇူးနှင့် ဇင်ချန်ကိုတို့ကို အာဆင်နယ်အသင်းထံသို့ ရောင်းထုတ်ခဲ့ခြင်းဖြစ်သည်။ ယင်းကစားသမား (၃)ဦးအတွက် ရောင်းချရမှုဝင်ငွေမှာ ပေါင် (၁၂၅)သန်းဝန်းကျင်ရှိခဲ့သည်။ စတာလင်အတွက် ချယ်လ်ဆီးအသင်းထံမှရရှိခဲ့သည့် ပြောင်းရွှေ့ကြေးငွေက အများဆုံးဖြစ်ပြီး အပိုထပ်ဆောင်း ကြေးများ မပါမီမှာပင် ပေါင် (၄၇.၅) သန်းအထိ ရှိနေသည်။ မန်စီးတီးအသင်းသည် စတာလင်အား လီဗာပူးလ်အသင်းထံမှ ပေါင်သန်း (၅၀)ဖြင့် ခေါ်ယူထားခြင်းဖြစ်သည်။