ရဲတပ်ဖွဲ့ဝင်များအတွက် လစဉ်ကျပ်တစ်သောင်းထောက်ပံ့မည်

မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဝင်တွေအတွက် သက်စွန့် တာဝန်စရိတ် တစ်ယောက်ကို တစ်လ ကျပ်တစ်သောင်း ထောက်ပံ့ သွားမယ်လို့ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာနက ဇူလိုင် (၂၅) ရက်မှာ ထုတ်ပြန်ပါတယ်။ ပြည်သူတွေရဲ့ လုံခြုံရေး နဲ့ အသက်အိုးအိမ်စည်းစိမ်ကို သက်စွန့်ကြိုးပမ်း ကာကွယ်စောင့်ရှောက်နေတဲ့ မြန်မာနိုင်ငံရဲ တပ်ဖွဲ့ဝင် တွေကို လက်ရှိလစာအပြင် ပင်ပန်းကြမ်းတမ်းမှု နဲ့ သက်စွန့်တာဝန်စရိတ်ကို အခုနှစ် ဩဂုတ်လကစတင်ပြီး ခံစားခွင့်ပြုလိုက်တာလို့ ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။ နိုင်ငံတော်ဝန်ကြီးချုပ် ဦးဆောင်ပြီး ဇူလိုင်(၂၂) ရက်ကပြုလုပ်တဲ့ စီးပွားရေးရာကော်မတီ အစည်းအဝေး ဆုံးဖြတ်ချက်အရ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဝင်တွေအတွက် လစဉ်ထောက်ပံ့တာကို အတည်ပြုခဲ့တာလို့ သိရပါတယ်။ အဲဒီနောက်မှာတော့ လစဉ်ထောက်ပံ့တာကို စီမံကိန်း နှင့် ဘဏ္ဍာရေးဝန်ကြီးဌာနက အမိန့်ကြော်ငြာစာနဲ့ ထုတ်ပြန်လိုက်တာလည်း ဖြစ်ပါတယ်။