YBS ကတ်စနစ်အတွက် တင်ဒါပြိုင်ကုမ္ပဏီတွေ နည်းပညာပိုင်းတွေ ပြိုင်ဆိုင်ရမယ်

ရန်ကုန်မြို့ထဲမှာ ပြေးဆွဲနေတဲ့ YBS ယာဉ်လိုင်းတွေမှာ ကျင့်သုံးမယ့် Yangon Payment Services(YPS) ငွေပေးချေကတ်စနစ်အတွက် တင်ဒါပြိုင်ကုမ္ပဏီတွေက နည်းပညာပိုင်းဆိုင်ရာတွေကို ယှဉ်ပြိုင်ရမယ်လို့ တိုင်းဒေသကြီး ကရင်တိုင်းရင်းသားရေးရာ ဝန်ကြီး ဒေါ်နော်ပန်းသဉ္ဇာမျိုးက ပြောပါတယ်။

ပြီးခဲ့တဲ့ စက်တင်ဘာလ ၁၉ ရက်၊ တိုင်းအစိုးရရုံးမှာ Yangon Payment Services (YPS) ငွေပေးချေကတ်စနစ်နဲ့ ပတ်သက်ပြီး တင်ဒါ ဝင်ရောက်ယှဉ်ပြိုင်ချင်တဲ့ ကုမ္ပဏီတွေနဲ့ တွေ့ဆုံဆွေးနွေးပွဲမှာ ဒေါ်နော်ပန်းသဉ္ဇာမျိုးက အခုလို ပြောကြားခဲ့တာ ဖြစ်ပါတယ်။

“တိုင်းအစိုးရက ကတ်စနစ်နဲ့ပတ်သက်ပြီး စက်တွေကအစရှိနေပြီ။ ယာဉ်လိုင်း တစ်ခုချင်းစီရဲ့ မှတ်တိုင်တွေကို ပြုစုထားပြီးပြီ။ တင်ဒါပြိုင်မယ့်ကုမ္ပဏီက YPS တစ်ခုလုံးအတွက် ကိုယ်ပိုင်နည်းပညာနဲ့ပြိုင်မလား၊ အစိုးရ နည်းပညာနဲ့ ပြိုင်မလား၊ ဒီနှစ်ချက်နဲ့ပြိုင်ရမယ်”လို့ တင်ဒါစိစစ်ရွေးချယ်ရေး ကော်မတီဒု- ဥက္ကဋ္ဌလည်းဖြစ်တဲ့ ဒေါ်နော်ပန်းသဉ္ဇာမျိုးက ပြောပါတယ်။

တင်ဒါလျှောက်လွှာတွေကို A နဲ့ B ဆို နှစ်မျိုးခွဲခြားထားမည်ဖြစ်ပြီး ကုမ္ပဏီတစ်ခုကို လျှောက်လွှာတစ်ခုပဲ ဝင်ရောက်ယှဉ်ပြိုင်ရမှာဖြစ်ကာ ကုမ္ပဏီပိုင်နည်းပညာနဲ့ ယှဉ်ပြိုင်လိုပါက အချက်အလက်အပြည့်အစုံ တင်ပြရမည် ဖြစ်ကာ စက်တင်ဘာလအကုန်မှာ လျှောက်လွှာတွေ တင်ရမယ်လို့ ဆိုပါတယ်။

YBS ယာဉ်တွေမှာ ဇူလိုင်လ ၁၀ ရက်ကစပြီး ခရီးသည်ကိုယ်တိုင်ထည့်သွင်းတဲ့ ငွေပုံး Cash Box စနစ်ကို စတင်ကျင့်သုံးခဲ့ပေမယ့် လက်ရှိအချိန်မှာ ယာဉ်စီးခ အကြွေမရှိတာတွေ၊ ခရီးသည်တွေက ယာဉ်စီးခ အပြည့်မထည့်တာတွေနဲ့ သုံးမရတဲ့ ငွေအစုတ်အပြဲတွေ ထည့်သွင်းတာတွေ ရင်ဆိုင်နေရပါတယ်။

(The Voice)