တရုတ်-မြန်မာ နယ်စပ်ရှိ ပို့ကုန်ပစ္စည်းအားလုံးကို ကန်ဒေါ်လာတစ်မျိုးတည်းဖြင့်သာ အရောင်းအဝယ်ပြုလုပ်မည်

တရုတ်-မြန်မာနယ်စပ်ရှိ ပို့ကုန်ပစ္စည်း အားလုံးကို ယွမ်/ကျပ်အစား အမေရိကန် ဒေါ်လာဖြင့်သာ အရောင်းအဝယ် ပြုလုပ်မည်ဖြစ်ကြောင်း နယ်စပ်ကုန်သည်များထံမှ သိရသည်။

ဆန်၊ ပဲ၊ ပြောင်းနှင့် ဆီထွက်သီးနှံ အစရှိသည့် ကုန်ပစ္စည်းများကို နယ်စပ်ဂိတ်များမှတစ်ဆင့် ကုန်သွယ်မှု ပြုလုပ်ရာတွင် ယွမ်/ကျပ် တိုက်ရိုက် အသုံးပြုခွင့်ပြုထားရာမှ ဇူလိုင်လမှ စတင်ကာ ဒေါ်လာနှင့်သာ ပေးချေရန် နိုင်ငံ ခြားသုံးငွေ ကြီးကြပ်မှုကော်မတီက ပြောင်းလဲ သတ်မှတ်လိုက်ခြင်းဖြစ်ကြောင်း သိရသည်။

“ပြီးခဲ့တဲ့ ဇွန် ၃၀ ရက်ကစပြီး တရားဝင်စာထွက်လိုက်တယ်။ တရုတ်မြန်မာနယ်စပ်ဒေသမှာ အရောင်းအဝယ် ပြုလုပ်နေတဲ့ Export ပစ္စည်းတွေအတွက် သူ့ရဲ့သတ်မှတ်ဈေးနှုန်းကို အမေရိကန်ဒေါ်လာနဲ့သာ သတ်မှတ်မယ်။ ဆန်တစ်တန်ကို အမေရိကန်ဒေါ်လာ ဘယ်လောက်ပေါ့၊ ပြီးတော့မှ အခွန်ဆောင်ရမယ်ဆိုပြီးတော့ တရားဝင် စာထွက်လာပါတယ်။ ဒါပေမဲ့ ဒီကနေ့အထိတော့ ရုံးပိတ်ရက်ခံနေလို့လား မသိဘူး၊ အရင်အတိုင်းပဲ သွားနေတယ်။ မနက်ဖြန်ကျမှ အတိအကျသိရမယ်”ဟု မူဆယ်ဆန်စပါးကုန်စည်ဒိုင် ဒုတိယဥက္ကဋ္ဌ ဦးမင်းသိန်းက ဇူလိုင် ၃ ရက်တွင် ပြောသည်။

ထို့အတူ မြ၀တီနယ်စပ်မှတစ်ဆင့် ပြည်ပသို့ တင်ပို့မည့် ပို့ကုန်အားလုံးအတွက်လည်း ယခု ဇူလိုင် ၁ ရက်မှစတင်ကာ အမေရိကန်ဒေါ်လာ ဖြင့် ဈေးနှုန်းသတ်မှတ် တင်ပို့ခွင့်ပြုထားကြောင်း အဆိုပါ နယ်စပ်ရှိ ပို့ကုန်လုပ်ငန်းရှင်များထံမှ သိရသည်။