သမ္မတနှင့် အိန္ဒိယ ပြည်ပရေးရာဝန်ကြီး ရခိုင်အရေး၊ နယ်စပ်အရေးနှင့် ရင်းနှီးမြှုပ်နှံမှုကိစ္စများ ဆွေးနွေး

သမ္မတဦးဝင်းမြင့်သည် အိန္ဒိယသမ္မတနိုင်ငံ ပြည်ပရေးရာဝန်ကြီး ဦးဆောင်သောကိုယ်စား လှယ်အဖွဲ့ကို ယမန်နေ့ က လက်ခံတွေ့ဆုံစဉ်နှစ်နိုင်ငံဆက်ဆံရေးနှင့် ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့် ရေး၊ ရခိုင်ပြည်နယ်ဖွံ့ဖြိုးတိုး တက်ရေးနှင့် တည်ငြိမ်အေးချမ်းရေး၊ နှစ်နိုင်ငံ ရင်းနှီးမြှုပ်နှံမှုနှင့် ကုန်သွယ်မှုကဏ္ဍ တိုးမြှင့်ရေး ဆွေးနွေးခဲ့သည်။ ထို့အတူ နှစ်နိုင်ငံနယ်စပ်ဒေသရှိ ပြည်သူများ၏ လူမှုစီးပွားဘ၀ဖွံ့ဖြိုးတိုးတက်ရေး၊ ဒေသတွင်းနှင့် နိုင်ငံတကာ မျက်နှာစာတွင် ဆက်လက်ပူးပေါင်းဆောင် ရွက်ရေးတို့ကို ဆွေးနွေးခဲ့ကြောင်း သမ္မတရုံးက ထုတ်ပြန်သည်။

ယင်းတွေ့ဆုံပွဲသို့ သမ္မတနှင့်အတူပြည်ထောင်စုဝန်ကြီး အချို့လည်းတက်ရောက်ခဲ့သည်။ အိန္ဒိယပြည်ပရေးရာ ၀န်ကြီးသည် နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် နှင့် တွေ့ဆုံမည်ဖြစ်သကဲ့သို့ တပ် မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် နှင့် တွေ့ဆုံရန် စီစဉ်ထားသည်။

အိန္ဒိယပြည်ပရေးရာဝန်ကြီး၏ မြန်မာနိုင်ငံ ခရီးစဉ်တွင် မြန်မာ-အိန္ဒိယနယ်နိမိတ်စီမံခန့်ခွဲမှု သဘောတူညီချက် နားလည်မှု စာချွန်လွှာချုပ်ဆိုမည်ဖြစ်ကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာန အမြဲတမ်း အတွင်း ၀န်ဦးမြင့်သူ ကပြောကြား ထားသည်။ မြန်မာ-အိန္ဒိယ နှစ်နိုင်ငံဆက်ဆံရေးမြှင့်တင်ရန် မျှော်မှန်းထားသည့် ယခုခရီးစဉ်အတွင်း ပုဂံယဉ်ကျေးမှု နယ်မြေ၌ ငလျင်ကြောင့် ပျက်စီးသည့် ဘုရားများ  ပြုပြင်မွမ်းမံရန် အိန္ဒိယပညာရှင်နှင့် နည်းပညာ အကူအညီပေးရေး  နားလည်မှုစာချွန်လွှာကို လက် မှတ်ရေးထိုးရန်ရှိကြောင်း၎င်းက ဆိုသည်။