လီဗာပူးလ်အသင်းရဲ့ တစ်ရာသီအကောင်းဆုံးဆုတွေကို သိမ်းကျုံးယူသွားခဲ့တဲ့ မိုဟာမက်ဆာလာ

ဒီနှစ်ဘောလုံးရာသီမှာ အံ့ခခန်းစွမ်းဆောင်ရည်တွေ ပြသနိုင်ခဲ့ပြီး ဆုအများအပြားရယူနိုင်ခဲ့တဲ့ လီဗာပူးလ် တိုက်စစ်မှူး မိုဟာမက်ဆာလာဟာ ကြာသာပတေးနေ့ ညနေမှာလည်း ဆု (၃)ခုကို လက်ခံရယူနိုင်ခဲ့တယ်လို့ သိရှိရပါတယ်။ လီဗာပူးလ်အသင်းအတွက် ပြိုင်ပွဲစုံ ၄၃ဂိုး အထိ သွင်းယူပေးထားတဲ့ ဆာလာဟာ ဆုတစ်ခုကိုတော့ လန်ဒန်ကို သွားရောက်ယူခဲ့ရတာ ဖြစ်ပါတယ်။

ဆာလာဟာ လီဗာပူးလ်အသင်းရဲ့ တစ်နှစ်တာအကောင်းဆုံးကစားသမားဆု၊ ကစားသမားအချင်းချင်း ရွေးချယ်ပေးအပ်တဲ့ အကောင်းဆုံး ကစားသမားဆုတို့ကိုလည်း ရရှိခဲ့ပြီးတော့ လီဗာပူးလ်ကစားသမားဘ၀ အကောင်းဆုံးဘောလုံးရာသီကို ထပ်မံပြီးတော့ အနားကွပ်နိုင်ခဲ့တာ ဖြစ်ပါတယ်။ ဆာလာအနေနဲ့ အဆိုပါ ဆု(၂)ခုကို လက်ခံရယူအပြီးမှာ လန်ဒန်ကို ပုဂ္ဂလိက ဂျက်လေယာဉ်နဲ့ သွားရောက်ခဲ့ပြီးတော့ အားကစား ကလောင်ရှင်များက ပေးအပ်တဲ့ ဆုကို လက်ခံခဲ့ရတာလည်း ဖြစ်ပါတယ်။

” ချယ်လ်ဆီးက ထွက်ခွာခဲ့ပြီးနောက် အားလုံးရဲ့ အထင်အမြင်မှားယွင်းမှုတွေကို သက်သေပြနိုင်ခဲ့ပါပြီ၊ လူတိုင်းက ကျွန်တော့်မှာ စွမ်းဆောင်ရည်ကောင်း မရှိဘူးလို့ ပြောခဲ့ကြပါတယ်၊ သူတို့မှားယွင်းကြောင်း ကျွန်တော် ပြသနိုင်ခဲ့ပါပြီ” လို့ ဆာလာက ဆုလက်ခံရယူ အပြီးမှာ ပြောကြားခဲ့ပါတယ်။ ဆာလာကတော့ ချယ်လ်ဆီးမှာ ပုံမှန်နေရာ မရရှိခဲ့တာကြောင့် ဖီအိုရင်တီးနားကို အငှားသွားရောက် ကစားခဲ့ပြီး အဲဒီကမှတဆင့် ရိုးမားကို အပြီးသတ်ပြောင်းရွှေ့ခဲ့တာ ဖြစ်ပါတယ်။

” ရောမမှာလည်း ကျွန်တော့်ရဲ အရည်အသွေးကို ပြသနိုင်ခဲ့ပါတယ်၊ တနင်္ဂနွေနေ့ကို စောင့်ကြည့်ကြပါ၊ ပရီးမီးယားလိဂ်ရဲ့ ဂိုးသွင်းစံချိန်ကို ကျွန်တော်ရိုက်ချိုးပြဖို့ ကြိုးစားပါမယ်” လို့လည်း ဆာလာက ကြုံးဝါးခဲ့ပါတယ်။ ဆာလာကတော့ လီဗာပူးလ်အတွက် ပရီးမီးယားလိဂ် သွင်းဂိုး(၃၁) ဂိုးအထိ သွင်းယူပေးထားပြီး နောက်ထပ် တစ်ဂိုးရရုံနဲ့ တစ်ရာသီအတွင်း ပရီးမီးယားလိဂ်သွင်းဂိုး အများဆုံးစံချိန်ကို ပိုင်ဆိုင်တော့မှာ ဖြစ်ပါတယ်။

ဒ့ါအပြင် ဆာလာဟာ ရီးရဲလ်မက်ဒရစ်နဲ့ ထွက်ပေါ်နေတဲ့ အပြောင်းအရွှေ့ကောလဟာလတွေအပေါ်မှာလည်း ဖြေရှင်းခဲ့ပြီး လီဗာပူးလ်ပရိသတ်တွေ စိတ်အေးစေမယ့် စကားကိုလည်း ပြောခဲ့ပါသေးတယ်။ ” လီဗာပူးလ်နဲ့အတူ အနာဂတ်မှာ အောင်မြင်မှုတွေရယူဖို့ ရည်မှန်းချက်တွေ ရှိပါတယ်၊ အခုဆိုရင် ကျွန်တော်တို့ဟာ ကောင်းမွန်တဲ့ ဘောလုံးရာသီတစ်ခုကို ပိုင်ဆိုင်ခဲ့သလို ချန်ပီယံလိဂ်မှာလည်း ဗိုလ်လုပွဲအထိ ရောက်ရှိနေခဲ့ပါပြီ၊ ဒီအတွက် အားလုံးဟာ စိတ်လှုပ်ရှားနေကြမှာပါ” လို့ ပြောကြားခဲ့တာဖြစ်ပါတယ်။

Source : Daily Mail