ONE မစ်ဒယ်ဝိတ်တန်း ချန်ပီယံစိန်ခေါ်ပွဲအဖြစ် ဒီရစ်ဒါနှင့် ဘစ်ဒက်ရှ်တို့၏ ပွဲကို ဇူလိုင်(၂၂) ရက်၌ ကျင်းပမည်

ONE Championship အဖွဲ့အစည်းသည် မြန်မာ MMA ကစားသမား အောင်လအန်ဆန် ထိုးသတ်နေသည့် ONE မစ်ဒယ်ဝိတ်တန်း ချန်ပီယံခါးပတ်စိန်ခေါ်ပွဲအဖြစ် လက်ရှိချန်ပီယံ ဒီရစ်ဒါနှင့် စိန်ခေါ်သူ ဗစ်တာလီဘစ်ဒက်ရှ်တို့၏ ပွဲကို ဇူလိုင်(၂၂) ရက်တွင် ကျင်းပမည်ဖြစ်ကြောင်း ထုတ်ပြန်ကြေညာလိုက်ပြီဖြစ်သည်။

ONE 159 ဟု အမည်ပေးထားသည့် MMA ပြိုင်ပွဲကို ဇူလိုင်(၂၂) ရက်တွင် စင်ကာပူနိုင်ငံ၌ ကျင်းပမည်ဖြစ်ပြီး ချန်ပီယံခါးပတ်လုပွဲနှစ်ပွဲ အပါအဝင် တွဲဆိုင်း(၁၂) ဆိုင်းဖြင့် ကျင်းပမည်ဖြစ်ကြောင်း သိရသည်။

အဓိကတွဲဆိုင်းများအဖြစ် ONE မစ်ဒယ်ဝိတ်တန်း လက်ရှိချန်ပီယံ နယ်သာလန်နိုင်ငံသားဒီရစ်ဒါနှင့် စိန်ခေါ်သူရုရှားနိုင်ငံသား ဗစ်တာလီဘစ်ဒက်ရှ်တို ့၏ပွဲနှင့် ONE Atomweight အမျိုးသမီး ကစ်ဘောက်ဆင် ကမ္ဘာ့ချန်ပီယံ အမေရိကန်နိုင်ငံသူ ဂျနတ်တော့ဒ်နှင့် WBC အမျိုးသမီး မွေထိုင်းကမ္ဘာ့ချန်ပီယံ စပိန်နိုင်ငံသူ လာရာဖာနန်ဒက်ဇ်တို ့၏ ONE Interim Atomweight အမျိုးသမီးမွေထိုင်း ကမ္ဘာ့ချန်ပီယံစိန်ခေါ်ပွဲတို့အား ကျင်းပမည်ဖြစ်သည်။

ထို့နောက် အခြားတွဲဆိုင်းများအဖြစ် အမျိုးသားတွဲဆိုင်း (၈) ဆိုင်းနှင့် အမျိုးသမီးတွဲဆိုင်း (၂) ဆိုင်းကိုလည်း ထည့်သွင်းကျင်းပမည် ဖြစ်သည်။

မြန်မာ MMA ကစားသမား အောင်လအန်ဆန်နှင့် ဗစ်တာလီဘစ်ဒက်ရှ်တို့သည် ပြီးခဲ့သည့် ဖေဖော်ဝါရီအတွင်းက စိန်ခေါ်ပွဲအဖြစ် ယှဉ်ပြိုင်ထိုးသတ်ခဲ့ရာ(၃) ချီပြီးဆုံးသည်အထိ အလဲထိုးနိုင်ခြင်းမရှိသောကြောင့် ဒိုင်အဆုံးအဖြတ် ခံယူရာ ဗစ်တာလီဘစ်ဒက်ရှ်က အနိုင်ရရှိခဲ့သည်။

ထို့ကြောင့် ဗစ်တာလီဘစ်ဒက်ရှိမှာ လက်ရှိချန်ပီယံ ဒီရစ်ဒါကို စိန်ခေါ်ခွင့်ရရှိခဲ့ခြင်းဖြစ်သည်။