မကာအိုတွင် ကိုဗစ်ဖြစ်နေသော်လည်း ကာစီနိုများအား ဆက်ဖွင့်ထား

ဟောင်ကောင်၊ ဇွန် ၂၀

ကမ္ဘာ့အကြီးဆုံးလောင်းကစားစင်တာ မကာအိုသည် ပြီးခဲ့သည့်အပတ် ပြည်တွင်း၌ ကိုဗစ်-၁၉ ကပ်ရောဂါ ကူးစက်ဖြစ်ပွားမှု များစွာတွေ့ရှိပြီးနောက် ဇွန်လ ၂၀ ရက် တနင်္လာနေ့တွင် ၎င်း၏ ဒုတိယမြောက်ရက်အနေဖြင့် လူပေါင်းများစွာအား ကိုဗစ်-၁၉ ရောဂါ စစ်ဆေးမှုစတင်ခဲ့ပြီး စီးပွားရေးလုပ်ငန်းအများစုကိုလည်း ပိတ်ထားကြောင်း သိရသည်။ သို့ရာတွင် ၎င်း၏ ကာစီနိုလုပ်ငန်းများကိုမူ ဆက်လက်ဖွင့်ထားဆဲရှိကြောင်း သိရသည်။

မကာအို၌ နေထိုင်သူ ခြောက်သိန်းခန့်အား စစ်ဆေးနေသည့် အဆိုပါ စမ်းသပ်စစ်ဆေးမှုကို အင်္ဂါနေ့တွင် ပြီးဆုံးမည်ဟု ခန့်မှန်းထားပြီး မကာအိုသည် ကိုဗစ်-၁၉ အား အမြစ်ပြတ်ချေမှုန်းပစ်ရန် ရည်ရွယ်ထားသည့် တရုတ်နိုင်ငံ၏ “zero COVID” မူဝါဒကို လိုက်နာလျက်ရှိသည်။

နေထိုင်သူအများစုကိုလည်း အိမ်တွင် နေထိုင်ရန် တောင်းဆိုထားပြီး စားသောက်ဆိုင်များကိုလည်း ဆိုင်ထိုင်ခွင့် ပိတ်ပင်ထားမည်ဖြစ်ကာ နယ်စပ်ဝင်ခွင့်များကိုလည်း တင်းကျပ်ထားကြောင်းသိရသည်။

ထို့ကြောင့် မကာအိုရှိ ကာစီနိုများ၌ လာမည့်အပတ်များအတွင်း လာရောက်ဆော့ကစားသူများ နည်းပါး လာမည်ဖြစ်ခါ ကာစီနို၏ဝင်ငွေသည်လည်း နည်းပါးလာနိုင်ကြောင်း လေ့လာသူများက ပြောကြားခဲ့သည်။

မကာအိုအစိုးရသည် ၎င်းဝင်ငွေ၏ ၈၀ ရာခိုင်နှုန်းကျော်အား ကာစီနိုများမှ ရရှိခြင်းဖြစ်ပြီး နေထိုင်သူ အများစုသည်လည်း ကာစီနိုလုပ်ငန်းများ၌ တိုက်ရိုက် သို့မဟုတ် သွယ်ဝိုက်သောနည်းဖြင့် အလုပ်လုပ်ကိုင် နေရသူများ ဖြစ်သည်။

လက်ရှိ ဖြစ်ပွားနေသည့် ကိုဗစ်-၁၉ ကပ်ရောဂါသည် ရုတ်တရတ်ဖြစ်ပေါ်လာကာ လျင်မြန်စွာပြန့်နှံ့နေပြီး ဖြစ်ပွားရသည့် အကြောင်းအရင်းကိုလည်း မသိရသေးကြောင်း မကာအို၏အမှုဆောင်အရာရှိချုပ် ဟိုအိုက်ဆန်က အစိုးရ၏ ဝက်ဆိုဒ်၌ ထုတ်ပြန်ကြေငြာခဲ့သည်။

မကာအို၏ ဥပဒေပြုလွှတ်တော်သည် မကာအိုရှိ ကာစီနိုများ ဆက်လက်လည်ပတ်နိုင်ရန်အတွက် ကာစီနို အော်ပရေတာများအား ခြောက်လသက်တမ်းတိုးခွင့်နှင့် ပြင်ဆင်ထားသည့် ဂိမ်းဥပေဒေများကိုလည်း ဇွန်လ ၂၃ ရက်၌ တရားဝင် အတည်ပြုလက်မှတ်ထိုးသွားမည်ဖြစ်ကြောင်း သိရသည်။

Source: Reuters

အားကစား သတင်း