ကယ်လီဖိုးနီးယားမှာ ဒရုန်းတွေနဲ့ ကုန်ပစ္စည်း စတင် ပို့ဆောင်ပေးတော့မယ့် Amazon

Amazon က ကယ်လီဖိုးနီးယား မြို့ ၁ ခုမှာ ဒရုန်းတွေနဲ့ ကုန်ပစ္စည်း စတင် ပို့ဆောင်ပေးတော့မယ်လို့ ကြေညာလိုက်ပါတယ်။ မြောက်ကယ်လီဖိုးနီးယားက Lockeford မြို့ခံတွေဟာ Amazon ရဲ့ “Prime Air” ဒရုန်းတွေနဲ့ ကုန်ပစ္စည်း ပို့ပေးတဲ့ ဝန်ဆောင်မှုကို အခမဲ့ အသုံးပြုနိုင်ဖို့ စာရင်းပေးသွင်းနိုင်မှာပါ။

Amazon Website ကနေ ဝယ်ယူတဲ့ကုန်ပစ္စည်းတွေကို ဒရုန်းမှာ ချိတ်ဆွဲကာ ဝယ်ယူသူရဲ့ အိမ်လိပ်စာကို ပေးပို့ပေးမှာပါ။ ဒရုန်းဟာ ၅ ပေါင် အလေးချိန်အထိ သယ်ဆောင်နိုင်ပြီး အရွယ်ကြီး ဖိနပ်ဘူးခွံ အရွယ်အစားရှိတဲ့ ဘူးထဲမှာ ကုန်ပစ္စည်းကို ထည့်ပေးလိုက်မှာပါ။

ဒရုန်းနဲ့ ပို့ဆောင်ပေးဖို့ ခွင့်ပြုထားတဲ့ ကုန်ပစ္စည်းတွေထဲမှာ နေအိမ်သုံး ကုန်ပစ္စည်းတွေ၊ အလှကုန်တွေ၊ ရုံးသုံး ပစ္စည်းတွေနဲ့ နည်းပညာ ပစ္စည်းတွေ ပါဝင်ပါတယ်။ Amazon က သူ့ရဲ့ ဒရုန်းတွေဟာ လေယာဉ်ပျံ၊ လူ၊ တိရိစ္ဆာန်နဲ့ တခြား အတားအဆီးတွေကို အာရုံခံ ရှောင်သွားနိုင်တယ်လို့ ပြောပါတယ်။

ကုန်ပစ္စည်း သယ်ဆောင်ပေးတဲ့ ဒရုန်းတွေဟာ ကားလမ်း ပိတ်ဆို့မှုတွေကို လျှော့ချပေးနိုင်ပြီး ကုန်ပစ္စည်း ပို့ဆောင်ချိန်ဟာလည်း လျှင်မြန်ပါတယ်။ ကယ်လီဖိုးနီးယားမှာ ဒရုန်းနဲ့ကုန်ပစ္စည်း ပို့ဆောင်တာ အောင်မြင်ရင် တခြား ပြည်နယ်တွေမှာ တိုးချဲ့ဝန်ဆောင်မှု ပေးမယ်လို့ Amazon က ပြောပါတယ်။

Ref : bangkokpost