မန်ယူလူငယ်ကစားသမားများသည် စီရော်နယ်လ်ဒို၏ လွှမ်းမိုးမှုခံနေရသည်ဟု အသင်းပရိသတ်ဖြစ်သူ တိုင်ဆန်ဖျူရီ သုံးသပ်

မန်ယူလူငယ်ကစားသမားများသည် အသင်းတွင် စီရော်နယ်လ်ဒို၏လွှမ်းမိုးမှုခံနေရသည်ဟု အမာခံပရိသတ် တစ်ဦးဖြစ်သူ ကမ္ဘာ့ဟဲဗီးဝိတ်ချန်ပီယံ တိုင်ဆန်ဖျူရီက သုံးသပ်ခဲ့သည်။

တိုင်ဆန်ဖျူရီသည် စီရော်နယ်လ်ဒို မရောက်ရှိမီ ၂၀၂၀-၂၁ ဘောလုံးရာသီက ဒုတိယရရှိမှုနှင့်  ရောက်ရှိပြီးနောက် ၂၀၂၁-၂၂ ရာသီတွင် အဆင့်(၆)နေရာအထိ ကျဆင်းသွားခဲ့ရမှုကို နှိုင်းယှဉ်ပြောဆိုခဲ့ ခြင်းဖြစ်သည်။

ပေါ်တူဂီလက်ရွေးစင်အသင်းခေါင်းဆောင် စီရော်နယ်လ်ဒိုသည် ပြီးခဲ့သည့်ရာသီက ပရီးမီးယားလိဂ်ဂိုး (၁၈)ဂိုးအပါအဝင် အသင်းအတွက် ပြိုင်ပွဲ စုံ(၂၄)ဂိုးအထိ သွင်းယူပေးခဲ့သည်။ “ရော်နယ်လ်ဒို ရှိနေတာက သတင်းကောင်းပါ။ ဒါပေမဲ့ သီအိုရီအရတော့ ပြီးခဲ့တဲ့ရာသီမတိုင်မီ သူမရှိခင်တုန်းက  အသင်းက ဒုတိယရခဲ့ပြီး ရော်နယ်လ်ဒိုရှိနေချိန်မှာ ကျွန်တော်တို့ အဆင့်(၆)ပဲ ရခဲ့တယ်။ လူတွေက ပြောကြလိမ့်မယ်။ သူ့ရဲ့သွင်းဂိုး(၂၀)လောက်သာ မရှိဘူးဆိုရင် အဆင့်ပိုကျသွားလိမ့်မယ်ပေါ့။ ဒါပေမဲ့ ဒီရာသီမတိုင်မီက ကျွန်တော်တို့ ဘာမှ မဖြစ်ခဲ့ဘူး။ ပိုမြင့်မားတဲ့ရပ်တည်မှုနဲ့ အဆုံးသတ်နိုင်ခဲ့တယ်။ ရော်နယ်လ်ဒိုလို စူပါစတားတစ်ယောက် ရှိလာချိန်မှာ လူတိုင်းက ဂိုးသွင်းဖို့ သူ့ကို အားထားလာလိမ့်မယ်။ သူမရှိရင်တော့ သူတို့ကိုယ်တိုင် ဂိုးသွင်းဖို့ ကြိုးပမ်းမှာပါ။ ဒီရာသီမတိုင်မီက သူတို့ လုပ်ခဲ့သလိုပေါ့။ သူဟာ အသင်းအတွက် တန်ဖိုးမရှိတဲ့လူလို့တော့ ကျွန်တော် မပြောပါဘူး။ သူက ကြီးကျယ်ခမ်းနားပြီး တန်ဖိုးရှိတဲ့ ကစားသမားတစ်ဦးပါ။ ဒါပေမဲ့ တစ်ခါတစ်ရံမှာ Star Player တစ်ယောက်အနေနဲ့ အသင်းကို သူ သယ်ဆောင်လာတာက လူငယ်ကစားသမားတွေအပေါ် လွှမ်းမိုးထားနိုင်မှုပါပဲ။ သူတို့အနေနဲ့ တောက်ပနိုင်ဖို့ သူတို့အခွင့်အရေးကို မရရှိခဲ့ပါဘူး။ ဘာကြောင့်လဲဆိုတော့ ကြီးကျယ်ခမ်းနားတဲ့ ရော်နယ်လ်ဒိုက ကွင်းထဲမှာ ရှိနေလို့ပါပဲ” ဟု တိုင်ဆန်ဖျူရီက Mirror သတင်းစာနှင့် တွေ့ဆုံမှုတွင် ပြောကြားခဲ့သည်။

ပြီးခဲ့သည့်ဧပြီလက လက်ဝှေ့သမားဘဝမှ အနားယူကြောင်း ကြေညာထားသူ ဖျူရီက သူ့အနေဖြင့် အချိန်ပိုမိုရရှိလာသောကြောင့် မန်ယူအသင်းကို လာမည့်ရာသီတွင် ပိုမိုအားပေးနိုင်မည် ဖြစ်ကြောင်းပြောကြားခဲ့ပြီး သူကြည့်ရှုသည့်ပွဲတိုင်း အသင်းရှုံးနိမ့်ခဲ့သည်ဟုလည်း ဝန်ခံခဲ့သည်။

ထို့ပြင် ဖျူရီက နည်းပြသစ် တန်ဟက်ဂ်အနေဖြင့် နိုင်ပွဲရလိုစိတ်ကို ဖန်တီးပေးရမည်ဟုလည်း အကြံပြုခဲ့သည်။